EPC Contract များဆိုင်ရာနောက်ခံအချက်အလက်များအကျဉ်းချုပ်
အင်ဂျင်နီယာပိုင်းဆိုင်ရာလုပ်ငန်းများ၊ ပစ္စည်းများဝယ်ယူဖြည့်တင်းရေး နှင့် တည်ဆောက်ရေးလုပ်ငန်း (Engineering, Procurement and Construction (EPC)) Contract များမှာ ကြီးမားသောအခြေခံအဆောက်အအုံ စီမံကိန်းများဆိုင်ရာပုဂ္ဂလိကဆောက်လုပ်ရေးလုပ်ငန်းများအတွက် အဓိကချုပ်ဆိုလေ့ရှိကြသည့်သဘောတူစာချုပ် တစ်ရပ်ဖြစ်ပါသည်။ EPC Contract များအရ ကန်ထရိုက်တာများသည် ပုံမှန်အားဖြင့် (၁) သတ်မှတ်ထားသည့် အဆင့်များအထိ လုပ်ကိုင်ဆောင်ရွက်ရန်အတွက် အလုံးစုံတည်ဆောက်ပြီးစီးပြီးဖြစ်ကာ လုပ်ငန်းလည်ပတ် ဆောင်ရွက်ရန်အဆင်သင့်ဖြစ်နေသောအဆောက်အအုံများကို တည်ဆောက်ရန်၊ (၂) သတ်မှတ်ထားပြီးဖြစ်သော စုစုပေါင်းပေးချေငွေပမာဏ နှင့် အာမခံထားသည့်ဆောက်လုပ်ပြီးစီးမည့်နေ့ရက် (Contract နှင့်အညီ ခွင့်ပြု နိုင်သော ထပ်တိုးကာလ နှင့် ထပ်မံကုန်ကျစရိတ်များအရ)၊ (၃) ဒီဇိုင်းရေးဆွဲခြင်း၊ အင်ဂျင်နီယာပိုင်းဆိုင်ရာလုပ်ငန်း များဆောင်ရွက်ခြင်း၊ ပစ္စည်းဝယ်ယူဖြည့်တင်းရေး၊ တည်ဆောက်ရေးလုပ်ငန်း၊ တည်ဆောက်တပ်ဆင်ထားသော အစိတ်အပိုင်းများသည် ဒီဇိုင်းသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ၊ မရှိစစ်ဆေးခြင်းလုပ်ငန်း (Commissioning and Testing) များကို တာဝန်ယူဆောင်ရွက်ရန် သဘောတူလေ့ရှိကြပါသည်။ ကန်ထရိုက်တာသည် စာချုပ်ပါအဓိက သတ်မှတ်ချက်များကိုလိုက်နာရန်ပျက်ကွက်မှုများအတွက် (စာချုပ်ကိုလိုက်နာရန်ပျက်ကွက်ပါက ပေးလျော်ရမည် ဖြစ်ကြောင်း ကြိုတင်သဘောတူထားသည့်လျော်ကြေးငွေ (Liquidated Damages) အားဖြင့်) ငွေရေးကြေးရေး ဆိုင်ရာပေးရန်တာဝန်များရှိကြောင်း သတ်မှတ်ပြဋ္ဌာန်းလေ့ရှိပါသည်။
ခိုင်မာမှုမြင့်မားသည့်အပြင် ပြောင်းလွယ်ပြင်လွယ်သည့်အခြေအနေပါရှိသောကြောင့် Project Sponsor များ နှင့် ချေးငွေထုတ်ပေးသူများက EPC Contract များကို ပိုမိုလက်ခံသဘောကျတတ်ကြပါသည်။ သို့ရာတွင် EPC Contract များ၏အဓိကအားနည်းချက်တစ်ခုမှာ အခြားစာချုပ်ဖွဲ့စည်းမှုပုံစံများထက် ပိုမိုမြင့်မားသောနှုန်းထားများ ပါဝင်နေတတ်ခြင်းပင်ဖြစ်ပါသည်။ ထိုသို့ခိုင်မာမှုမြင့်မားနေရခြင်းမှာ တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာဆုံးရှုံး နိုင်ခြေအလားအလာအားလုံးနီးပါးကို ကန်ထရိုက်တာက တာဝန်ယူခြင်းကြောင့်ဖြစ်ရာ ကန်ထရိုက်တာအနေဖြင့် စာချုပ်ပါနှုန်းထားတွင် ဆုံးရှုံးနိုင်ခြေဆိုင်ရာကိစ္စရပ်အတွက်ပိုမိုမြင့်မားသောငွေပမာဏတစ်ရပ် (အခြားစာချုပ် ဖွဲ့စည်းမှုပုံစံများထက်) ကို ထည့်သွင်းရယူလေ့ရှိပါသည်။
EPC Contract များဆိုင်ရာပြဿနာများ
EPC Contract များ၏မြင့်မားသောစရိတ်စကများ၊ တန်ဖိုးများ၊ ဆုံးရှုံးနိုင်ခြေအလားအလာများ၊ EPC Contract များကိုအဓိကအသုံးပြုလေ့ရှိသည့်တည်ဆောက်ရေးစီမံကိန်းများသည် စာချုပ်တည်ဆောက်မှု၊ ရေးဆွဲမှု၊ ဆွေးနွေး ညှိနှိုင်းမှု နှင့် စီမံဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်များ (သတ်မှတ်လိုသည့်ဖွဲ့စည်းပုံကို စာချုပ်မချုပ်ဆိုမီ ကြိုတင် ရေးဆွဲခြင်းအပါအဝင်) အပေါ် ကြီးမားသောအတိုင်းအတာအားဖြင့်အရေးပါပါသည်။ EPC Contract များကို ထိရောက်မှုရှိရှိစီစဉ်ရေးဆွဲခြင်း နှင့် ပြုစုရေးဆွဲခြင်းတို့ပြုလုပ်ရာတွင် အရေးပါသောအချက် ၁၀ ချက်ကို အောက်ပါ အတိုင်းအကျဉ်းချုပ်တင်ပြထားပါသည်။
(၁) စာချုပ်ချုပ်ဆိုမှုပုံစံ (Contracting Model) ရွေးချယ်ခြင်း
EPC Contract ဆိုသည်မှာ အဓိကအခြေခံအဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများအတွက် အသုံးပြုသည့်စာချုပ်ဖွဲ့စည်းမှုပုံစံများထဲမှ ဖွဲ့စည်းမှုပုံစံတစ်ခုမျှသာဖြစ်ပါသည်။ ဥပမာ – EPC Contract တစ်ခုချုပ်ဆိုခြင်းမရှိဘဲ – ဒီဇိုင်းဆိုင်ရာ၊ ပစ္စည်းဝယ်ယူဖြည့်တင်းမှုဆိုင်ရာ၊ တည်ဆောက်ရေးလုပ်ငန်း ဆိုင်ရာစာချုပ်များကို သီးခြားစီချုပ်ဆိုနိုင်ပါသည်။ အဆိုပါစာချုပ်များနှင့်ဆက်စပ်သော စီမံကိန်းစီမံခန့်ခွဲ မှုဆိုင်ရာအခြားစာချုပ်တစ်ခုကိုလည်း ချုပ်ဆိုနိုင်ပါသည်။ အဓိကထည့်သွင်းစဉ်းစားရမည့်အချက်များမှာ – စာချုပ်၏ဖွဲ့စည်းမှုပုံစံကိုရွေးချယ်ခြင်း (အထူးသဖြင့် အချိန်ဆိုင်ရာသတ်မှတ်ချက်များ)၊ ချေးငွေထုတ်ပေး သူများ၏သတ်မှတ်ချက်များ၊ ကန်ထရိုက်တာများ၏စီမံကိန်းလက်ခံဆောင်ရွက်နိုင်မှု နှင့် ကန်ထရိုက်တာ များမှာမည်သူမည်ဝါဖြစ်ကြောင်း ဟူသောအချက်များဖြစ်ပါသည်။ EPC Contract များမှာ လူအသုံးများ သည့်စာချုပ်ပုံစံတစ်ရပ်ဖြစ်သော်လည်း အမြဲတစေကျင့်သုံးရန်သင့်လျော်သည့်နည်းလမ်းတစ်ရပ် မဟုတ် ပေ။ သို့ဖြစ်ရာ စီမံကိန်းတစ်ခုချင်းစီ၏အခြေအနေအရပ်ရပ်ကိုထည့်သွင်းစဉ်းစား၍ စာချုပ်ချုပ်ဆိုမှုပုံစံ (Contracting Model) ကို ဂရုတစိုက်ရွေးချယ်သင့််ပါသည်။
(၂) ကန်ထရိုက်တာရွေးချယ်မှု
အခြေခံအဆောက်အအုံဆိုင်ရာစီမံကိန်းများအတွက် ကန်ထရိုက်တာများက လက်ခံရမည့်ဆုံးရှုံးနိုင်ခြေ အလားအလာမြင့်မားခြင်း၊ တာဝန်များစွာယူရခြင်းတို့ကြောင့် EPC Contract ကိုချုပ်ဆိုလိုသည့်၊ ချုပ်ဆို နိုင်သည့်ဆောက်လုပ်ရေးကုမ္ပဏီများမှာ အတော်အတန်နည်းပါးပါသည်။ ဤသို့သောအခြေအနေတွင် တည်ဆောက်ရေးစီမံကိန်းများကိုအကောင်အထည်ဖော်နိုင်ရန်အရည်အချင်းပြည့်မီသည့်၊ ကျွမ်းကျင်မှုရှိ သည့်ကန်ထရိုက်တာများကိုရွေးချယ်နိုင်ရန် လွန်စွာအရေးကြီးပါသည်။ အခြေခံအဆောက်အအုံတည် ဆောက်ရေးစီံမံကိန်းများ၏ပုံမှန်အရွယ်အစား နှင့် ရှုပ်ထွေးမှုအနေအထားတို့ကြောင့် EPC Contract များ၏ကြီးမားသောငွေကြေးပမာဏ၊ ဆောက်လုပ်ရေးကာလအတွင်း ပြဿနာတစ်စုံတစ်ရာပေါ်ပေါက်ပါ က ဖြစ်လာနိုင်သည့်ထိခိုက်ဆုံးရှုံးနိုင်ခြေအကျိုးဆက်များကြောင့် ကန်ထရိုက်တာများကိုရွေးချယ်ရာတွင် နှုန်းထားအနည်းဆုံးတစ်ခုတည်းသာ ထည့်သွင်းစဉ်းစားရုံမျှဖြင့်မလုံလောက်ပါ။
(၃) စာချုပ်ပါစည်းကမ်းချက်များ၏ရှင်းလင်းမှု နှင့် လိုက်နာကျင့်သုံးမှု (စာရွက်စာတမ်းရွေးချယ်မှု အပါအဝင်)
စာချုပ်ရေးဆွဲရာတွင် အသင့်ရေးဆွဲထားပြီးဖြစ်သည့် Template များ နှင့် စာရွက်စာတမ်းများကို သုံးစွဲ သည့်ကိစ္စမှာ မထူးဆန်းသော်လည်း ရှိနေပြီးသားစာချုပ်ပုံစံတစ်ရပ်ရပ်တွင် “အထူးစွမ်းရည် သို့မဟုတ် လှည့်ကွက်” ဟူ၍ မရှိပါ။ ဆိုလိုသည်မှာ စာချုပ်ပုံစံတစ်ရပ်သည် သက်ဆိုင်ရာနယ်ပယ်တစ်ရပ်ရပ်အတွက် သို့မဟုတ် အခြေအနေတစ်ရပ်ရပ်အတွက် မည်မျှပင်သက်ဆိုင်စေကာမူ၊ အဆိုပါစာချုပ်ပုံစံကို မည်မျှပင် ကျယ်ကျယ်ပြန့်ပြန့်သုံးစေကာမူ အခြေအနေတိုင်းနှင့်ကိုက်ညီသည့်စာချုပ်ဟူ၍ မရှိနိုင်ပါ။ EPC Contract များနှင့်စပ်လျဉ်းသော ရှုပ်ထွေးမှု၊ တန်ဖိုး နှင့် ဆုံးရှုံးနိုင်ခြေအလားအလာတို့ကို ထည့်သွင်းစဉ်းစား၍ စာချုပ်ပါ အပြီးသတ်စည်းကမ်းချက်များကို အသေးစိတ် ဂရုတစိုက်ရေးဆွဲကြရန်လိုအပ်ပါသည်။ ထို့ပြင် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် ထိုသဘောတူထားသည့်အပြီးသတ်စည်းကမ်းချက် များကို လိုက်နာဆောင်ရွက်မှသာ ထိုသို့အပြီးသတ်စည်းကမ်းချက်များချမှတ်ခြင်းမှာ အဓိပ္ပာယ်ရှိမည်ဖြစ် ပါသည်။ ဥပမာ- မြန်မာနိုင်ငံစျေးကွက်တွင် FIDIC တည်ဆောက်ရေးသဘောတူစာချုပ်ပုံစံ (ဆွေးနွေးညှိ နှိုင်းမှု နှင့် အခြေအနေနှင့်လိုက်လျောညီထွေဖြစ်အောင်ပြင်ဆင်မှုနည်းပါးသော) ကိုကျင့်သုံးသည့် စာချုပ်ဝင်များကို ရံဖန်ရံခါတွေ့ရလေ့ရှိပြီး ပြဿနာမှာ စာချုပ်နှင့်အညီ “အင်ဂျင်နီယာ” များကို နည်းလမ်း တကျခန့်အပ်၍ တာဝန်ပေးရန် ပျက်ကွက်ခြင်းဖြစ်ပါသည်။ ဤသို့သောပျက်ကွက်မှုသည် FIDIC ပုံစံများ၏ အဓိကဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှု နှင့် အငြင်းပွားမှုဖြေရှင်းခြင်းဆိုင်ရာကဏ္ဍများ၏အကျိုးသက်ရောက်မှုကို လျော့ကျစေသည့်အပြင် FIDIC ပုံစံကိုရွေးချယ်ခြင်းသည် လက်တွေ့တွင်အသုံးဝင်မှုအနေအထားကိုပါ လျော့ကျစေမည်ဖြစ်ပါသည်။
(၄) စာချုပ်အကောင်အထည်ဖော်ဆောင်ရေးအသေးစိတ်သတ်မှတ်ချက်များကို မျှမျှတတပြဋ္ဌာန်းခြင်း
EPC Contract များတွင် အများအားဖြင့် ကန်ထရိုက်တာများဖြည့်ဆည်းဆောင်ရွက်ရမည့်သတ်မှတ်ချက် များကိုအသေးစိတ်ပြဋ္ဌာန်းထားသော စာချုပ်အကောင်အထည်ဖော်ဆောင်ရေးအသေးစိတ်သတ်မှတ်ချက် များပါဝင်ပါသည်။ သို့ရာတွင် အဆိုပါသတ်မှတ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်မည့်နည်းလမ်းကို ရွေးချယ်ရန်မှာ ကန်ထရိုက်တာ၏တာဝန်သာဖြစ်ပါသည်။ သို့ဖြစ်၍ စီမံကိန်းကုမ္ပဏီက မည်သည် တို့ကိုရရှိမည်ဖြစ်ကြောင်းဖော်ပြသည့်ပြည့်စုံသောအချက်များ နှင့် စာချုပ်အကောင်အထည်ဖော်ဆောင် ရေးအသေးစိတ်သတ်မှတ်ချက်တို့အကြား မျှမျှတတဟန်ချက်ညီမှုကို ထိန်းသိမ်းရန်အရေးကြီးပါသည်။ သို့ရာတွင် ကန်ထရိုက်တာများက ပြဿနာတစ်ရပ်ရပ် (ထိုပြဿနာများမှာ အသေးစိတ်သတ်မှတ်ချက် များဆိုင်ရာလိုအပ်ချက်များကြောင့်ပေါ်ပေါက်လာခြင်းဖြစ်ပါက) မှာ ၄င်းတို့တာဝန်ဖြေရှင်းရမည့်ကိစ္စ မဟုတ်ကြောင်း ပြန်လည်ငြင်းချက်ထုတ်နိုင်ဖွယ်ကိစ္စရပ်များပေါ်ပေါက်လာနိုင်ပါက ထိုသို့အသေးစိတ် ဖော်ပြရန် ရှောင်ကြဉ်သင့်ပါသည်။
(၅) ဆုံးရှုံးနိုင်ခြေဆိုင်ရာတာဝန်ယူမှုခွဲဝေခြင်း
EPC Contract များတွင် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာဆုံးရှုံးနိုင်ခြေအလားအလာအားလုံးနီးပါးကို ကန်ထရိုက်တာကသာ တာဝန်ယူဖြေရှင်းရလေ့ရှိပါသည်။ သို့ရာတွင် စီမံကိန်းကုမ္ပဏီအနေဖြင့် ကြီးမား သော ဆုံးရှုံးနိုင်ခြေအလားအလာတစ်ခုတစ်ခုချင်းစီဆိုင်ရာကုန်ကျစရိတ်များ နှင့် အကျိုးခံစားခွင့်များ ခွဲဝေယူခြင်းနှင့်ပတ်သက်၍ အမြဲတစေဆန်းစစ်လေ့လာသင့်ပါသည်။ ထိုသို့သောဆုံးရှုူံးနိုင်ခြေအလား အလာတစ်ခုစီကို ကန်ထရိုက်တာက တာဝန်ယူဖြေရှင်းလိမ့်မည်ဟု အလိုအလျောက်သတ်မှတ်လိုက်၍မရ ပါ။ စီမံကိန်းကုမ္ပဏီသည် အဓိကဆုံးရှုံးနိုင်ခြေကိစ္စရပ်များဖြေရှင်းရေးတာဝန်ကို ကန်ထရိုက်တာထံသို့ လွှဲပြောင်းပေးရန်အတွက် အရေးပေါ်အခြေအနေသုံးရန်ပုံငွေတစ်ရပ်ကိုပေးအပ်ရာတွင် ထိုသို့ပေးအပ်မည့် အဓိကဆုံးရှုံးနိုင်ခြေကိစ္စရပ်များကို ဆန်းစစ်ရမည်ဖြစ်သည့်အပြင် စာချုပ်ပါနှုန်းထားတွင် ဆုံးရှုံးနိုင်ခြေ ဆိုင်ရာကိစ္စရပ်များအတွက်အရေးပေါ်အသုံးပြုငွေထည့်သွင်းမှုပမာဏကိုလျှော့ချနိုင်ရန်အတွက် မည် သည့်ဆုံးရှုံးနိုင်ခြေကိစ္စရပ်များအတွက် မိမိကိုယ်တိုင်တာဝန်ယူဖြေရှင်းမည်ဟုလည်း သတ်မှတ်သင့်ပါ သည်။
(၆) မလွန်ဆန်နိုင်သောဖြစ်ရပ် (Force Majeure)
မလွန်ဆန်နိုင်သောဖြစ်ရပ်မူသဘောတရားမှာ အခြေခံကျင့်သုံးရမည့်ဥပဒေမူသဘောတရားတစ်ရပ် မဟုတ်ဘဲ သက်ဆိုင်ရာစာချုပ်တွင် မလွန်ဆန်နိုင်သောဖြစ်ရပ် (Force Majeure) အပိုဒ်ထည့်သွင်းပြဋ္ဌာန်း ထားမှသာ ထိုမူသဘောတရားကို ကျင့်သုံးနိုင်မည်ဖြစ်ပါသည်။ သက်ဆိုင်ပါက မည်သည့်အခြေအနေကို မလွန်ဆန်နိုင်သောဖြစ်ရပ်ဟုသတ်မှတ်ကြောင်း၊ ထိုဖြစ်ရပ်၏အကျိုးဆက်များအတွက် မည်သည့်ခံစားခွင့် များပေးအပ်ကြောင်းဆိုင်ရာ သတ်မှတ်ချက်များသည် အဆိုပါအပိုဒ်ကို အဓိပ္ပာယ်ကောက်ယူမှုအပေါ် မူတည်ပါသည်။ မလွန်ဆန်နိုင်သောဖြစ်ရပ်မူသဘောတရားကို ဆုံးရှုံးနိုင်ခြေဆိုင်ရာတာဝန်ယူမှုခွဲဝေခြင်း အဖြစ် နည်းလမ်းတကျကျင့်သုံးနိုင်ရန်အတွက် EPC Contract များတွင် မည်သို့သောဖြစ်ရပ်များမှာ မလွန်ဆန်နိုင်သောဖြစ်ရပ်များဖြစ်ကြကြောင်း၊ အဆိုပါဖြစ်ရပ်များ၏အကျိုးဆက်များမှာ မည်သည်တို့ဖြစ် မည်ဖြစ်ကြောင်း တိတိကျကျသတ်မှတ်ရန် လွန်စွာအရေးကြီးပါသည်။
(၇) တည်ဆောက်ရေးလုပ်ငန်းစီမံခန့်ခွဲမှုဆိုင်ရာမျှော်မှန်းချက်များ
အာမခံထားသည့်နှုန်းထား နှင့် ဆောက်လုပ်ပြီးစီးမည့်ရက်ကိုသတ်မှတ်နိုင်ရန်အတွက် ကန်ထရိုက်တာ သည် တည်ဆောက်ရေးလုပ်ငန်းဆိုင်ရာကိစ္စရပ်အများစုကို လွတ်လပ်စွာစီမံကြီးကြပ်ခွင့်ရရှိရန်လိုအပ်ပါ သည်။ သို့ဖြစ်ပါ၍ စီမံကိန်းကုမ္ပဏီအနေဖြင့် တည်ဆောက်ရေးကာလအတွင်း စီမံခန့်ခွဲမှုဆိုင်ရာအခွင့် အရေးတစ်ရပ်ရပ်ကို ထိန်းသိမ်းထားလိုပါက ထိုသို့ထိန်းသိမ်းထားလိုသည့်ကိစ္စရပ်များနှင့်ပတ်သက်၍ ၄င်း၏မျှော်မှန်းချက်များကို ဂရုတစိုက်စဉ်းစားကာ သတ်မှတ်ထားရန်လိုအပ်ပါသည်။ သို့မှာသာ စီမံကိန်း ကုမ္ပဏီအနေဖြင့် ၄င်း၏တိုက်ရိုက်ပါဝင်ဆောင်ရွက်မှုကြောင့် ကန်ထရိုက်တာဘက်က အချိန်ထပ်မံ သက်တမ်းတိုးရန်တောင်းဆိုမှု၊ စရိတ်စကများထပ်မံတောင်းဆိုမှုကို ပိုမိုလွယ်ကူစွာတောင်းခံလာနိုင်မည် ဖြစ်ကြောင်း၊ နောက်ကျသော သို့မဟုတ် ချို့ယွင်းချက်ရှိသောအကောင်အထည်ဖော်လုပ်ဆောင်ချက်များ အတွက် ကန်ထရိုက်တာဘက်က ၄င်းတွင်တာဝန်မရှိကြောင်းငြင်းဆန်ရန် ပိုမိုလွယ်ကူလာနိုင်ကြောင်း အချက်များကို ထည့်သွင်းစဉ်းစားနိုင်မည်ဖြစ်ပါသည်။
(၈) စီမံကိန်းသဘောတူစာချုပ်နှစ်ခုအကြားဆက်စပ်ပေးခြင်း
အကြီးစားလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းများကဲ့သို့ ပိုမိုရှုပ်ထွေးသောအခြေခံအဆောက် အအုံစီမံကိန်းများတွင် EPC Contract များသည်သာ တည်ဆောက်ရေးလုပ်ငန်းများဆိုင်ရာသဘောတူ စာချုပ်များစွာကို ကြားခံဆက်စပ်ပေးသည့်စာချုပ်တစ်ရပ်ဖြစ်လာမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သဘောတူ စာချုပ်နှစ်ရပ်အရ ဆောင်ရွက်မည့်လုပ်ဆောင်ချက်များသည် တစ်ခုအပေါ်တစ်ခုအကျိုးသက်ရောက်မှုရှိ မည်ဆိုပါက ဆိုးကျိုးများဖြစ်ပေါ်နိုင်ခြေအလားအလာကိုကန့်သတ်ရန်အတွက် ရေးဆွဲထားသည့်သက်ဆိုင် ရာပြဋ္ဌာန်းချက်များမှာ ထိုသဘောတူစာချုပ်နှစ်ရပ်ကြား ကြားခံဆက်စပ်ပေးသည့်အချက်များဖြစ်ကြရာ လွန်စွာအရေးပါပါသည်။ စာချုပ်များအကြားကြားခံဆက်စပ်ပေးခြင်းနှင့်စပ်လျဉ်း၍အရေးပါသောအချက် အချို့မှာ- စတင်ဆောင်ရွက်သည့်ရက် နှင့် ဆောင်ရွက်ပြီးစီးသည့်ရက်များ၊ စာချုပ်ကိုလိုက်နာရန် ပျက်ကွက်မှုအတွက် ကြိုတင်သဘောတူထားသည့်လျော်ကြေးငွေ (Liquidated Damages) နှင့် ထိုပျက်ကွက်မှုကို ဖြစ်စေသည့်အချက်များ၊ အမြင့်ဆုံးပေးရန်တာဝန်များဆိုင်ရာကန့်သတ်ချက်များ၊ အချိန် ကာလသက်တမ်း တိုးမြှင့်ရန်တောင်းဆိုခွင့်များ၊ အာမခံ၊ မလွန်ဆန်နိုင်သောဖြစ်ရပ်များ (Force Majeure)၊ ဒီဇိုင်းသတ်မှတ်ချက်များနှင့်ကိုက်ညီမှုရှိ၊ မရှိစစ်ဆေးခြင်းလုပ်ငန်း (Commissioning and Testing) ဆိုင်ရာ သတ်မှတ်ချက်များ ဖြစ်ကြပါသည်။
(၉) စာချုပ်လိုက်နာရန်ပျက်ကွက်မှုအတွက် ပေးဆောင်ရန်ကြိုတင်သဘောတူထားသည့်လျော်ကြေးငွေ (Liquidated Damages)
ပေးဆောင်ရန်ကြိုတင်သဘောတူထားသည့်လျော်ကြေးငွေ (Liquidated Damages) များမှာ ထိခိုက် နစ်နာသည့်စာချုပ်ဝင်၏ဆုံးရှုံးမှုအတွက် အမှန်တကယ်ကြိုတင်ခန့်မှန်းတွက်ချက်ထားသည့်ပမာဏ ဖြစ်ရ ပါမည်။ ဤသတ်မှတ်ချက်နှင့်မကိုက်သော ကြိုတင်သဘောတူထားသည့်လျော်ကြေးငွေကို “လျော်ကြေး” ဟု ယူဆနိုင်သော်လည်း အတည်ပြုဆောင်ရွက်၍မရနိုင်ပါ။ မြန်မာနိုင်ငံ၏ ၁၈၇၂ ခုနှစ်၊ ပဋိညာဉ် အက်ဥပဒေတွင်လည်း သတ်မှတ်ထားသောစာချုပ်ဖောက်ဖျက်မှုများအတွက် “လျော်ကြေး သို့မဟုတ် ပြစ်ဒဏ်” များကို ပဋိညာဉ်စာချုပ်များတွင်ထည့်သွင်းသတ်မှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။ သို့ရာ တွင် ဖောက်ဖျက်မှုအတွက် ပြန်လည်ရယူခံစားခွင့်ရှိသည့်ပမာဏထက်မကျော်လွန်သောလျော်ကြေးကို သာ ထိုသို့ထည့်သွင်းသတ်မှတ်ရမည်ဖြစ်ပါသည်။ ရှုပ်ထွေးသောအခြေခံအဆောက်အအုံတည်ဆောက်ရေး စီမံကိန်းများနှင့်စပ်လျဉ်း၍ ဆုံးရှုံးနိုင်ခြေဆိုင်ရာကိစ္စရပ်များအတွက်ကြိုတင်ခန့်မှန်တွက်ချက်ခြင်းမှာ သာမန်ကာလျှံကာဆောင်ရွက်ရမည့်ကိစ္စမဟုတ်ပါ။ သို့ရာတွင် စီမံကိန်းကုမ္ပဏီများအနေဖြင့် ပေးဆောင် ရန် ကြိုတင်သဘောတူထားသည့်လျော်ကြေးငွေပမာဏအဆင့်ဆင့်ကိုဆွေးနွေးညှိနှိုင်းရာတွင် ကျိုး ကြောင်းဆီလျော်မှုဆိုင်ရာအချက်များကိုထည့်သွင်းစဉ်းစားသင့်သည့်အပြင် EPC Contract အရ ကြိုတင် သဘောတူထားသည့်လျော်ကြေးငွေ (Liquidated Damages) ဆိုင်ရာအချက်များမှာ အရှင်းလင်းဆုံး သတ်မှတ်ရန်လည်း အရေးကြီးပါသည်။
(၁၀) အစိုးရအဖွဲ့အစည်းများနှင့်ဆက်ဆံရေး
အကြီးစားအခြေခံအဆောက်အအုံတည်ဆောက်ရေးစီမံကိန်းများကို အများအားဖြင့် အစိုးရအဖွဲ့အစည်း များ၏လုပ်ကိုင်ခွင့်ပြုမှု (Concession) များရယူ၍ ဆောင်ရွက်ကြရပါသည်။ ထိုသို့သောစီမံကိန်းများတွင် ဆောက်လုပ်ပြီးစီမံကိန်းလုပ်ငန်းလည်ပတ်ဆောင်ရွက်ရာ၌ အစိုးရအဖွဲ့အစည်းတစ်ခု သို့မဟုတ် တစ်ခု ထက်ပို၍ အဓိကအကျိုးသက်ဆိုင်သူများအဖြစ်ပါဝင်ဆောင်ရွက်လေ့ရှိကြပါသည်။ ဥပမာ – လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးစက်ရုံစီမံကိန်းများတွင် လျှပ်စစ်ဓာတ်အားဝယ်ယူသူ နှင့်/သို့မဟုတ် ဓာတ်အား ပို့လွှတ်ရေးစနစ်လည်ပတ်ဆောင်ရွက်သူမှာ အစိုးရအဖွဲ့အစည်းများသာဖြစ်ကြပါသည်။ မြန်မာနိုင်ငံတွင် ထိုကဏ္ဍနှစ်ရပ်စလုံးကို လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်းဟူသည့် အစိုးရအဖွဲ့အစည်းတစ်ခု တည်းကသာ တာဝန်ယူဆောင်ရွက်ပါသည်။ နောင်တွင် စက်ရုံလည်ပတ်ဆောင်ရွက်မည့်သူဖြစ်သည့် အားလျော်စွာ စီမံကိန်းကုမ္ပဏီသည် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် ကောင်းမွန်သောဆက်ဆံရေး တစ်ရပ်ကိုထူထောင်ထားရှိရန်လိုအပ်ပါသည်။ သို့ရာတွင် EPC ကန်ထရိုက်တာများအနေဖြင့် သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် ကာလရှည်ဆက်ဆံရေးတစ်ရပ်ထားရှိရန်မလိုအပ်ဘဲ စီမံကိန်းအချိန်မီ သို့မဟုတ် ဆောလျင်စွာပြီးစီးရေး၊ ၄င်း၏အကျိုးအမြတ်များအများဆုံးရရှိနိုင်ရန်အတွက် ကုန်ကျစရိတ် များကို ချင့်ချိန်သုံးစွဲရေးတို့ကိုသာ အာရုံစိုက်ဆောင်ရွက်သင့်ပါသည်။ သို့ဖြစ်ရာ စီမံကိန်းကုမ္ပဏီအနေဖြင့် တည်ဆောက်ရေးကာလအပါအဝင် အမြဲတစေ အစိုးရအဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန် တာဝန်ရှိပါသည်။ ထိုသို့တာဝန်ရှိမှုကို EPC Contract များတွင် တိတိကျကျထည့်သွင်းဖော်ပြသင့်ပါသည်။ သို့မှသာ အစိုးရအဖွဲ့အစည်းများနှင့်ဆက်ဆံရေးအပေါ် EPC ကန်ထရိုက်တာများကြောင့် ဆိုးကျိုး သက်ရောက်နိုင်ခြေအလားအလာကို ကန့်သတ်လျှော့ချနိုင်မည်ဖြစ်ပါသည်။