Law in Transition – the Mission Legal blog

Law in Transition is the legal blog of Mission Legal, where we share our thoughts on law, investment, tax and development issues, with a particular focus on issues relevant to Myanmar’s continuing transition towards a modernised and stable economy and society.

ကာလရှည်လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်များ – အဓိကစဉ်းစားရမည့် အချက်  ၇ ချက်

ကာလရှည်လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ်များဆိုင်ရာနောက်ခံအချက်အလက်များ

လျှပ်စစ်ဓာတ်အားပေးစက်ရုံတစ်ခုမှထုတ်လုပ်သောလျှပ်စစ်ဓာတ်အားကိုရောင်းချရန်အတွက်ချုပ်ဆိုသည့် သဘောတူစာချုပ်ကို လျှပ်စစ်ဓာတ်အားဝယ်ယူရေးသဘောတူစာချုပ် (Power Purchase Agreement – PPA) ဟု ခေါ်ဆိုလေ့ရှိကြပါသည်။ နိုင်ငံအများစုတွင် အနည်းဆုံး စီမံကိန်းငွေကြေးဖြည့်ဆည်းခြင်းဆိုင်ရာပေးရန်တာဝန် များကို ပြန်လည်ပေးဆပ်ရန်သတ်မှတ်ထားသည့်ကာလအတွင်း စီမံကိန်းမှဝင်ငွေများ နှင့်ပတ်သက်၍ စီမံကိန်း အကောင်အထည်ဖော်သူ (Developer) နှင့် ငွေကြေးဖြည့်ဆည်းပေးသူ (Financier) များအား အာမခံပေးအပ်ရန် ရည်ရွယ်၍ PPA များကို အများအားဖြင့် ရှည်ကြာသောကာလအတိုင်းအတာတစ်ခုအထိ သက်တမ်းသတ်မှတ်ကာ ချုပ်ဆိုလေ့ရှိကြပါသည်။ သို့ရာတွင် တိုတောင်းသောသဘောတူညီချက်ဖြစ်သော်လည်း ပါဝင်ချုပ်ဆိုမည့် စာချုပ်ဝင်များက ပိုမိုအသေးစိတ်ကျသည့်သဘောတူညီချက်တစ်ရပ်ကို ချုပ်ဆိုရန်လိုအပ်နေသေးသည်ဟု ယူဆ သည့်အခြေအနေတွင်လည်း PPA များကို ကာလလတ် နှင့် ကာလတိုလျှပ်စစ်ဓာတ်အားရောင်းဝယ်ခြင်းအတွက် အသုံးပြုနိုင်ပါသည်။

စီမံကိန်းအတွက် ဘဏ်များမှချေးငွေရယူနိုင်စွမ်းနှင့်စပ်လျဉ်းသောပြဿနာများမှာ  ချေးငွေစာချုပ်ပါအာမခံ ပစ္စည်းကိုသာအာမခံအဖြစ်ထားရှိ၍ ပြင်ပချေးငွေထုတ်ပေးသူများထံမှ စီမံကိန်းဖြည့်ဆည်းငွေ (Limited Recourse Project Financing) ချေးယူခြင်းအတော်အတန်နည်းပါးသည်ကို ဆိုလိုခြင်းဖြစ်ပါက မြန်မာနိုင်ငံတွင် ကာလရှည် PPA များ နှင့် လျှပ်စစ်ဓာတ်အားစီမံကိန်းများကိုငွေကြေးဖြည့်ဆည်းခြင်းတို့အကြားဆက်သွယ်မှုကို တွေ့မြင်နိုင်ခြေနည်းပါးပါသည်။ မြန်မာနိုင်ငံတွင် အခြေခံအဆောက်အအုံစီမံကိန်းများကို အများအားဖြင့် စီမံကိန်း  အကောင်အထည်ဖော်သူ (Developer) က ကြီးမားသောအတိုင်းအတာအထိ မိမိကိုယ်တိုင်ငွေကြေးရှာဖွေ ဖြည့်ဆည်းကြရပါသည်။ ပြင်ပမှချေးငွေရယူခြင်းဖြစ်ပါက စီမံကိန်းကုမ္ပဏီ (Project Vehicle) ထံသို့ တိုက်ရိုက် ငွေကြေးဖြည့်ဆည်းခြင်းမရှိဘဲ ပြည်ပရှိ မိခင်ကုမ္ပဏီ သို့မဟုတ် ဦးပိုင်ကုမ္ပဏီထံသို့ ငွေကြေးဖြည့်ဆည်းရယူသည့် နည်းလမ်းများကို ကျင့်သုံးလေ့ရှိကြပါသည်။ သို့ရာတွင် ကာလရှည် PPA များက အချိန်နှင့်အမျှ ပိုမိုသေချာပြီး ခိုင်မာတည်ငြိမ်သောဝင်ငွေများရရှိစေရန် အထောက်အကူပြုတတ်ကြပါသည်။ ထို့ပြင် မြန်မာနိုင်ငံတွင် လျှပ်စစ် ဓာတ်အားရောင်းဝယ်ရေးစျေးကွက်မှာ ကျယ်ကျယ်ပြန့်ပြန့်ပီပီပြင်ပြင်ဖြစ်ထွန်းလာခြင်းမရှိသေးဘဲ မဟာ ဓာတ်အားလိုင်းစနစ်နှင့်ချိတ်ဆက်ဆောင်ရွက်သောစီမံကိန်းများမှထုတ်လုပ်သောလျှပ်စစ်ဓာတ်အားများကို တစ်ဦး တည်းဝယ်ယူသူမှာ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနလက်အောက်ရှိ နိုင်ငံပိုင်လုပ်ငန်းတစ်ခုဖြစ်သော လျှပ်စစ် ဓာတ်အားထုတ်လုပ်ရေးဦးစီးဌာန (Electric Power Generation Enterprise (EPGE)) သာလျှင်ဖြစ်ရာ အများပြည် သူသို့လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် EPGE အနေဖြင့် ဓာတ်အားအလုံအလောက်ဖြန့်ဖြူးနိုင်ရန်  နှင့် ခွင့်ပြုချက်ဆိုင်ရာကိစ္စရပ်များအတွက် (အောက်တွင်ဖော်ပြထားသည့်အတိုင်း) ကာလရှည် PPA များကို ချုပ်ဆိုကြ ရန်လိုအပ်ပါသည်။ သို့ဖြစ်၍ ပုံမှန်စီမံကိန်းငွေကြေးဖြည့်ဆည်းရာတွင်အခက်အခဲများရှိနေသော်လည်း  PPA နှင့် စပ်လျဉ်း၍ ကာလရှည်သဘောတူညီမှုပုံစံမှာ မြန်မာနိုင်ငံတွင် အသုံးအများဆုံးပုံစံတစ်ခုအဖြစ် ဆက်လက်တည်ရှိ နေဆဲဖြစ်ပါသည်။

ဤကိစ္စနှင့်စပ်လျဥ်း၍ မြန်မာနိုင်ငံတွင် အခြားထည့်သွင်းစဉ်းစားရမည့်အချက်တစ်ခုမှာ လျှပ်စစ်စွမ်းအားဝန်ကြီး ဌာနအနေဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးခွင့်ပြုမိန့်များကို ထုတ်ပေးလေ့မရှိဘဲ စီမံကိန်းအတွက် အစိုးရ ဆိုင်ရာပဋိညာဉ်စာချုပ်အဖြစ် ကာလရှည် PPA ချုပ်ဆိုခြင်းအားဖြင့် မဟာဓာတ်အားလိုင်းစနစ်နှင့်ချိတ်ဆက် ထားသောစီမံကိန်းများကို တည်ဆောက်၍ အကောင်အထည်ဖော်ဆောင်ရွက်ရန် ခွင့်ပြုချက်လိုင်စင်များကို ထုတ်ပေးလေ့ရှိပါသည်။ ဤနည်းလမ်းမှာ ကာလရှည် PPA တစ်ခု၏စီးပွားရေး နှင့် နည်းပညာပိုင်းဆိုင်ရာကိစ္စရပ် များအပေါ် ကြီးမားသောအတိုင်းအတာတစ်ခုအထိ အကျိုးသက်ရောက်မှုမရှိသော်လည်း မြန်မာနိုင်ငံတွင် ကာလရှည် PPA ချုပ်ဆိုခြင်း၏အရေးပါမှုအတိုင်းအတာကိုမူ ထင်သာမြင်သာရှိစေပါသည်။

ကာလရှည် PPA များနှင့်ပတ်သက်၍စဉ်းစားရမည့်အချက်များ

အောက်ပါအချက်များမှာ ကာလရှည် PPA များကို ထိရောက်မှုရှိရှိရေးဆွဲခြင်း နှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ပြုလုပ် ရာတွင် အဓိကစဉ်းစားရမည့်အရေးအကြီးဆုံးအချက် ၇ ချက်ကို အကျဉ်းချုပ်တင်ပြထားခြင်းဖြစ်ပါသည်။

၁။ ကြိုတင်စည်းကမ်းချက်များ

PPA တစ်ခုတွင် ပုံမှန်အားဖြင့် စာချုပ်ပါစည်းကမ်းချက်များ အပြည့်အဝအသက်ဝင်၍အကျိုးသက်ရောက်မှုရှိ စေရန်အတွက် ကြိုတင်ဖြည့်ဆည်းလိုက်နာဆောင်ရွက်ရမည့်စည်းကမ်းချက်များကို ထည့်သွင်းရေးဆွဲလေ့ရှိကြပါ သည်။ အဆိုပါစည်းကမ်းချက်များကို “ကြိုတင်စည်းကမ်းချက်များ (Conditions Precedent)” ဟူ၍ ရံဖန်ရံခါ ခေါ် ဝေါ်လေ့ရှိကြပါသည်။ ကာလရှည် PPA များတွင် စီးပွားဖြစ်လုပ်ငန်းစတင်သည့်နေ့ရက်သတ်မှတ်ခြင်း၊ စီးပွားဖြစ်လုပ်ငန်းစတင်သည့်နေ့ရက်ကိုသတ်မှတ်နိုင်ရန်အတွက် လုပ်ငန်အကောင်အထည်ဖော်သူက ဆောင်ရွက် ရမည့်အချက်များ (ငွေကြေးဖြည့်ဆည်းခြင်း နှင့် သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများထံမှ လိုအပ်သည့် ခွင့်ပြု ချက်များ နှင့် ခွင့်ပြုမိန့်များ) အပါအဝင် တည်ဆောက်ခြင်း နှင့် စီမံကိန်းကို လုပ်ငန်းဆိုင်ရာသတ်မှတ်ချက် များနှင့်အညီ တည်ဆောက်၊ တပ်ဆင်၍ ထိုသို့တည်ဆောက်၊ တပ်ဆင်ထားကြောင်း စစ်ဆေးအတည်ပြုခြင်း (Commissioning) တို့နှင့်သက်ဆိုင်သောကြိုတင်စည်းကမ်းချက်များကို ထည့်သွင်းရေးဆွဲတတ်ကြပါသည်။

စာချုပ်ဝင်တစ်ဘက်အနေဖြင့် ၄င်း၏တာဝန်များကိုဖြည့်ဆည်းဆောင်ရွက်ပြီးစီးမှုရှိ၊ မရှိ (အထူးသဖြင့် စီမံကိန်းကို လုပ်ငန်းဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ တည်ဆောက်၊ တပ်ဆင်၍ ထိုသို့တည်ဆောက်၊ တပ်ဆင်ထားကြောင်း စစ်ဆေးအတည်ပြုခြင်း (Commissioning & Testing) နှင့်စပ်လျဉ်း၍) ဟူသောအချက်ကို ရှုပ်ထွေးမှုမရှိဘဲ ရှင်း ရှင်းလင်းလင်းစိစစ်သတ်မှတ်နိုင်ရန်အတွက် ရှင်းလင်းတိကျသောစည်းကမ်းချက်များကို ထည့်သွင်းရေးဆွဲရန် လက်မှတ်ရေးထိုးမည့်နှစ်ဘက်စာချုပ်ဝင်များက အထူးဂရုပြုစဉ်းစားသင့်ပါသည်။ ထိုမျှသာမက PPA စည်းကမ်း ချက်ကိုရေးဆွဲရာတွင် စည်းကမ်းချက် (Condition) တစ်ရပ်ကို ဖြည့်ဆည်းဆောင်ရွက်ရန်ပျက်ကွက်ခြင်းကြောင့် ပေါ်ပေါက်လာနိုင်သည့်အကျိုးဆက်များ (အချိန်ကာလတိုးမြှင့်ပေးရန် တောင်းဆိုနိုင်ခြင်းရှိ၊ မရှိ၊ စာချုပ်ဝင် တစ်ဘက်က စည်းကမ်းချက်တစ်ခုကို လိုက်နာဖြည့်ဆည်းဆောင်ရွက်ရန် ပျက်ကွက်ခြင်းကြောင့် အခြားစာချုပ်ဝင် တစ်ဘက်က PPA ကို ရပ်စဲနိုင်ခြင်း ရှိ၊ မရှိ၊ ပေးရန်တာဝန်တစ်ရပ်ရပ်ပေါ်ပေါက်နိုင်ခြေရှိ၊ မရှိ စသည့်အချက်များ) ကိုလည်း တိတိကျကျထည့်သွင်းထားရန်လည်း လိုအပ်ပါသည်။

၂။ ထုတ်လုပ်သည့်လျှပ်စစ်ဓာတ်အားပမာဏ နှင့် အဆိုပါလျှပ်စစ်ဓာတ်အားဆိုင်ရာအခွင့်အရေး

မြန်မာနိုင်ငံတွင် မဟာဓာတ်အားလိုင်းစနစ်နှင့်ချိတ်ဆက်ထားသည့်လျှပ်စစ်ဓာတ်အားစီမံကိန်းများနှင့်စပ်လျဉ်း၍ EPGE သည် တစ်ဦးတည်းသောဝယ်ယူခွင့်သူအနေဖြင့် အဆိုပါလျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးစက်ရုံမှထွက်ရှိ လာသောလျှပ်စစ်ဓာတ်အားပမာဏတစ်ရပ်လုံးကို ဝယ်ယူခွင့်ရရှိလေ့ရှိပါသည်။ သို့ရာတွင် အခြားစျေးကွက်များ နှင့် အခြားဓာတ်အားလိုင်းစနစ်များတွင်မူ လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူအနေဖြင့် မိမိဝယ်ယူလိုသော လျှပ်စစ် ဓာတ်အားပမာဏကို ထုတ်လုပ်ရောင်းချရန်သတ်မှတ်ကာလအတွင်း သတ်မှတ်ဝယ်ယူခွင့်ရရှိနိုင်ပြီး စီမံကိန်း အကောင်အထည်ဖော်သူဘက်ကလည်း ကျန်ရှိသောလျှပ်စစ်ဓာတ်အားပမာဏကို အခြားဝယ်ယူသူများထံသို့ ရောင်းချခွင့်ရှိနိုင်ပါသည်။ စာချုပ်ဝင်များအနေဖြင့် ဤကိစ္စနှင့်စပ်လျဉ်း၍ အောက်ပါအချက်များကို အလေးထား စဉ်းစားသင့်ပါသည် –

  • စီမံကိန်းအကောင်အထည်ဖော်သူက လျှပ်စစ်ဓာတ်အားပေးစက်ရုံမှထုတ်လုပ်မည့်လျှပ်စစ်ဓာတ်အား ပမာဏနှင့်စပ်လျဉ်း၍ တိကျသောအာမခံချက်တစ်ရပ်ရပ်ပေးအပ်ခြင်းရှိ၊ မရှိ။
  • လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူသည် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှထုတ်လုပ်မည့်လျှပ်စစ်ဓာတ်အား ပမာဏတစ်ရပ်လုံးကို တစ်ဦးတည်းဝယ်ယူခွင့်ရှိ၊ မရှိ သို့မဟုတ် ထုတ်လုပ်မည့်လျှပ်စစ်ဓာတ်အားပမာဏ ၏တစ်ချို့တစ်ဝက်ကိုသာ ဝယ်ယူခွင့်ရှိ၊ မရှိ။
  • လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူအနေဖြင့် မိမိဝယ်ယူလိုသောလျှပ်စစ်ဓာတ်အားပမာဏကို ထုတ်လုပ် ရောင်းချရန်သတ်မှတ်ကာလအတွင်း သတ်မှတ်ဝယ်ယူခွင့်ရှိ၊ မရှိ သို့မဟုတ် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှ ထွက်ရှိသောလျှပ်စစ်ဓာတ်အားပမာဏတစ်ရပ်လုံးကို ဝယ်ယူရန် လိုအပ်ခြင်းရှိ၊ မရှိ။ လျှပ်စစ်ဓာတ်အား ဝယ်ယူခွင့်ရရှိသူအနေဖြင့် မိမိဝယ်ယူလိုသောလျှပ်စစ်ဓာတ်အားပမာဏကို သတ်မှတ်ဝယ်ယူခွင့်ရရှိမည် ဆိုပါက စီမံကိန်းအကောင်အထည်ဖော်သူအနေဖြင့် အဆိုပါသတ်မှတ်ပမာဏကို ထုတ်လုပ်ရောင်းချရန် သတ်မှတ်ကာလအတွင်း ထုတ်လုပ်ပေးနိုင်မည်ဖြစ်ကြောင်း အကြောင်းကြားမည့်နည်းလမ်းတစ်ရပ်ရပ် သတ်မှတ်ထားခြင်းရှိ၊ မရှိ။ လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူ နှင့်/သို့မဟုတ် စီမံကိန်းအကောင်အထည် ဖော်သူက အဆိုပါဝယ်ယူလိုသည့်လျှပ်စစ်ဓာတ်အားပမာဏကိုဖြစ်စေ၊ အကြောင်းကြားချက်တစ်ရပ်ရပ် ကိုဖြစ်စေ ပြန်လည်ညှိနှိုင်းပြင်ဆင်နိုင်ခြင်းရှိ၊ မရှိ။
  • လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူအနေဖြင့် လျှပ်စစ်ဓာတ်အားပေးစက်ရုံမှထွက်ရှိသောလျှပ်စစ်ဓာတ် အားပမာဏ၏အချို့အဝက်ကိုသာ ဝယ်ယူခွင့်ရရှိမည်ဆိုပါက ပိုလျှံနေသောလျှပ်စစ်ဓာတ်အားပမာဏကို တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းထံသို့ စီမံကိန်းအကောင်အထည်ဖော်သူက ရောင်းချခြင်းအပေါ် ကန့်သတ် ချက်များရှိ၊ မရှိ။

၃။ နှုန်းထားများသတ်မှတ်ခြင်း

စီမံကိန်းအကောင်အထည်ဖော်သူသည် စီမံကိန်းလည်ပတ်ဆောင်ရွက်မှုဆိုင်ရာကုန်ကျစရိတ်များ၊ ဝန်ဆောင်မှုများ အတွက်ပေးချေရမည့်ကြွေးမြီများကို ပေးချေနိုင်ရန် နှင့် ရင်းနှီးမြှုပ်နှံမှုမှသင့်လျော်သောအမြတ်ပြန်ရမှု (Return on Equity) အတွက် လုံလောက်သောနှုန်းထားတစ်ရပ်ရပ်ကို PPA တွင် ထည့်သွင်းသတ်မှတ်ထားရန် လိုအပ်ပါသည်။ ကာလရှည်သဘောတူစာချုပ်များတွင် ကာလကြာလာသည်နှင့်အမျှ ကုန်ကျစရိတ်များမြင့်တက်လာမည်ဖြစ်ရာ PPA ပါ နှုန်းထားသတ်မှတ်ခြင်းစည်းကမ်းချက်များတွင် အနာဂတ်ကာလ၌ မြင့်တက်လာနိုင်သည့်ကုန်ကျစရိတ် များကို ထည့်သွင်းစဉ်းစား၍ နှုန်းထားများကို မြှင့်တင်သတ်မှတ်ခွင့်ပြုရန် ထည့်သွင်းရေးဆွဲထားရမည်ဖြစ်ပါသည်။

PPA နှုန်းထားသတ်မှတ်မှုပုံစံကို စဉ်းစားရာတွင် အောက်ပါအချက်များကို အလေးထားထည့်သွင်းစဉ်းစားသင့်ပါ သည် –

  • စီမံကိန်းအကောင်အထည်ဖော်သူက အမှန်တကယ်ပေးပို့လာသောလျှပ်စစ်ဓာတ်အားပမာဏအတွက်သာ လျှပ်စစ်ဓာတ်အားဝယ်ယူသူက ပေးချေရပါမည်လား။ သို့မဟုတ် PPA ပါနှုန်းထားများတွင် လျှပ်စစ်ဓာတ် အားပေးစက်ရုံမှထုတ်လုပ်နိုင်စွမ်းအတွက် စီမံကိန်းအကောင်အထည်ဖော်သူထံသို့ပေးချေရမည့် ပေးချေ ငွေပမာဏလည်း ပါဝင်ပါသလား။
  • PPA ကို “Take-or-Pay” Contract ပုံစံအဖြစ် သတ်မှတ်ရေးဆွဲ၍ လျှပ်စစ်ဓာတ်အားဝယ်ယူသူအနေဖြင့် အနည်းဆုံးသတ်မှတ်ထားသောလျှပ်စစ်ဓာတ်အားပမာဏကို ဝယ်ယူလိုခြင်းမရှိသည့်အခြေအနေတွင် ပင်လျှင် အဆိုပါသတ်မှတ်ထားသောလျှပ်စစ်ဓာတ်အားပမာဏအတွက် ငွေပေးချေရမည်ဟု သတ်မှတ် ပါမည်လား။
  • လောင်စာစရိတ်စကများမှာ စာချုပ်ဝင်များက မျှော်မှန်းနိုင်သည့်အခြေအနေထက်ပို၍မြန်ဆန်စွာ မြင့်တက်လာပါက PPA တွင် နှုန်းထားများကိုပြန်လည်ဆွေးနွေးညှိနှိုင်းခြင်းအပါအဝင် လောင်စာစရိတ် စကများမြင့်တက်လာခြင်းကိုခွင့်ပြုထားသောစည်းကမ်းချက်များကို ထည့်သွင်းရေးဆွဲထားပါသလား။
  • စီမံကိန်းအကောင်အထည်ဖော်သူက ကျခံထားသောစရိတ်စကများအတွက် လျှပ်စစ်ဓာတ်အားဝယ်ယူခွင့် ရရှိသူက တိုက်ရိုက်ပေးချေရပါမည်လား သို့မဟုတ် ထည့်ဝင်ရပါမည်လား။
  • ပေးချေရမည့်ငွေများတွက်ချက်ပုံကို ရှင်းရှင်းလင်းလင်း မှန်မှန်ကန်ကန်ထည့်သွင်းဖော်ပြထားပါသလား။

၄။ ချမှတ်ထားသည့်သတ်မှတ်ချက်များနှင့်မကိုက်ညီဘဲတည်ဆောက်ထားသောလျှပ်စစ်ဓာတ်အားပေးစက်ရုံ

ကာလရှည် PPA များတွင် စီမံကိန်းအကောင်အထည်ဖော်သူက တည်ဆောက်မည့်ဓာတ်အားပေးစက်ရုံဆိုင်ရာ အသေးစိတ်အချက်အလက်များကို ထည့်သွင်းရေးဆွဲသတ်မှတ်လေ့ရှိပါသည်။ ထိုစက်ရုံသည် အဆိုပါစက်ရုံ၏ ဒီဇိုင်းအရထုတ်လုပ်နိုင်စွမ်းထက်မကျော်လွန်ဘဲ ထုတ်လုပ်နိုင်မည့်ပမာဏ (“Nameplate Capacity”) တစ်ရပ်ကို ထုတ်လုပ်နိုင်စွမ်းရှိပါသည်။ စက်ရုံကိုတည်ဆောက်ပြီးစီးသည်နှင့် ၏တစ်ပြိုင်နက် စက်ရုံ၏အမှန်တကယ် ထုတ်လုပ်နိုင်စွမ်းဖြစ်သော အပြီးသတ် “တပ်ဆင်စွမ်းအား” (Installed Capacity) မှာမူ Nameplate Capacity နှင့် ကွာခြားနိုင်ပါသည်။

လျှပ်စစ်ဓာတ်အားပေးစက်ရုံကို PPA ပါသတ်မှတ်ချက်များအတိုင်းတည်ဆောက်ထားခြင်းမရှိပါက၊ အထူးသဖြင့် တပ်ဆင်စွမ်းအားသည် ဒီဇိုင်းအရထုတ်လုပ်နိုင်မည့်စွမ်းအားနှင့်ကွာခြားနေပါက ပေါ်ပေါက်လာနိုင်သည့်အကျိုး ဆက်များကို PPA တွင် ရှင်းရှင်းလင်းလင်းသတ်မှတ်ရေးထားသင့်ပါသည်။

တပ်ဆင်စွမ်းအားက ဒီဇိုင်းအရထုတ်လုပ်နိုင်မည့်စွမ်းအားထက်မြင့်မားနေပါက လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူ အနေဖြင့် ပိုလျှံသောဓာတ်အားများကိုဝယ်ယူခွင့်ရရှိပါမည်လား။ လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူက မဝယ်ယူ လိုသောပိုလျှံဓာတ်အားများကို စီမံကိန်းအကောင်အထည်ဖော်သူက တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံရောင်းချ ခွင့်ရှိပါမည်လား။

တပ်ဆင်စွမ်းအားက ဒီဇိုင်းအရထုတ်လုပ်နိုင်မည့်စွမ်းအားအောက်လျော့နည်းနေပါက စီမံကိန်းအကောင်အထည် ဖော်သူသည် မပြည့်မီသည့်ဓာတ်အားပမာဏကို ပြည့်မီအောင်ဖြည့်ဆည်းပေးရန်လိုအပ်ပါသလား၊ ထိုသို့ဖြည့် ဆည်းဆောင်ရွက်ရန် အချိန်ထပ်မံတိုးမြှင့်သတ်မှတ်ပေးပါမည်လား။ သတ်မှတ်ထားသည့်လျှပ်စစ်ဓာတ်အား ပမာဏအောက်လျှော့နည်းခြင်းကြောင့် ပေါ်ပေါက်လာသောကုန်ကျစရိတ်များ၊ ဆုံးရှုံးမှုများအတွက် စာချုပ်တွင် ထည့်သွင်းသတ်မှတ်ထားသောလျော်ကြေး (Liquidated Damages) သို့မဟုတ် အခြားကုစားပြင်ဆင်ခွင့်တို့ကို လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူက ရပိုင်ခွင့်ရရှိပါမည်လား။

၅။ လျှပ်စစ်ဓာတ်အားပေးစက်ရုံလည်ပတ်ဆောင်ရွက်မှုပုံစံ

လျှပ်စစ်ဓာတ်အားပေးစက်ရုံများအတွက် အသင့်လျော်ဆုံးလည်ပတ်ဆောင်ရွက်ရန်ပုံစံ နှင့် လည်ပတ်ဆောင်ရွက်မှု ကြာချိန်မှာ နည်းပညာ နှင့် အသုံးပြုသည့်လောင်စာရရှိသောအရင်းအမြစ်တို့အပေါ်မူတည်ပါသည်။

လေစွမ်းအင်၊ နေစွမ်းအင်တို့ကိုအသုံးပြုသောနည်းပညာများတွင် အမှန်တကယ်လောင်စာအရင်းအမြစ်ကိုသုံးစွဲ ခြင်းမရှိဘဲ ရာသီဥတုအခြေအနေအပေါ်မူတည်၍ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်ပါသည်။ ဤသို့သောနည်းပညာများ ကို အများအားဖြင့် “တစ်သမတည်းမဟုတ်ဘဲပြောင်းလဲလျက်ရှိသော” နည်းပညာများအဖြစ် သတ်မှတ်ကြပါသည်။ ထိုသို့အချိန်နှင့်အမျှပြောင်းလဲလျက်ရှိသောလောင်စာစွမ်းအင်ကိုအခြေခံသည့်ဓာတ်အားပေးစက်ရုံများတွင် လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူသည် စက်ရုံမှထုတ်လုပ်ပေးသည့်ဓာတ်အားပမာဏအားလုံးကို အများအားဖြင့် ဝယ်ယူလေ့ရှိပါသည်။ ဤသို့သောကိစ္စရပ်များတွင် လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူအနေဖြင့် စွမ်းအင်ရရှိမှု မတည်ငြိမ်ခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သောအခြေအနေများကို စီမံနိုင်ရေးအတွက် စက်ရုံမှထုတ်လုပ်နိုင်ခြေရှိ သည့်ခန့်မှန်းခြေဓာတ်အားပမာဏနှင့်ပတ်သက်၍  စီမံကိန်းအကောင်အထည်ဖော်သူက လျှပ်စစ်ဓာတ်အားဝယ်ယူ ခွင့်ရရှိသူထံသို့ အကြောင်းကြားရမည့်အချက်အလက်များကို စာချုပ်ဝင်များက ဆွေးနွေးသတ်မှတ်သင့်ပါသည်။

နျူကလီးယားစွမ်းအင်သုံးဓာတ်ပေးစက်ရုံများတွင်မူ “Baseload Operation” ဟူခေါ်တွင်သော လည်ပတ်ဆောင် ရွက်မှုပုံစံကို အသုံးပြုရန်လိုအပ်ပါသည်။ လက်တွေ့တွင် ဓာတ်အားပေးစက်ရုံက အများဆုံးထုတ်လုပ်သည့် ဓာတ်အားပမာဏနှင့်ပတ်သက်၍ ပြောင်းလဲညှိနှိုင်းလုပ်ဆောင်နိုင်ခြေအလားအလာများရှိနေနိုင်ပါသည်။ သို့ပါ သော်လည်း စီမံကိန်းအကောင်အထည်ဖော်သူက ဓာတ်အားပေးစက်ရုံကို ဘေးအန္တရာယ်ကင်းရှင်းစွာဖြင့် လည် ပတ်ဆောင်ရွက်နိုင်ရေးကိုသာ အဓိကထားဆောင်ရွက်မည်ဖြစ်ရာ ကာလရှည် PPA တွင် ထုတ်လုပ်မည့်ဓာတ်အား ပမာဏကို ပြောင်းလဲညှိနှိုင်းသတ်မှတ်ပေးရန် သဘောတူလေ့မရှိကြပါ။

လျှပ်စစ်ထုတ်လုပ်ရန်အတွက် လောင်စာကိုမီးရှို့၍စွမ်းအင်ရယူသော အပူစွမ်းအင်သုံးနည်းပညာများ (ဓာတ်ငွေ့၊ ကျောက်မီးသွေး သို့မဟုတ် ဇီဝလောင်စာ) များတွင်မူ အများအားဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ပုံနည်းလမ်း များကို ညှိနှိုင်းပြင်ဆင်ဆောင်ရွက်နိုင်စွမ်းရှိကြပါသည်။ မည်သို့ပင်ဆိုစေကာမူ ထိုသို့ညှိနှိုင်းပြင်ဆင်လည်ပတ် ဆောင်ရွက်နိုင်သောဓာတ်အားပေးစက်ရုံများကို Basedload  စက်ရုံများတွင် ဆက်တိုက်လည်ပတ်ဆောင်ရွက်နိုင် သကဲ့သို့ တစ်ရက်လျှင် ဓာတ်အားလိုအပ်ချက်အများဆုံးအချိန်နှင့်ကိုက်ညှိ၍ အချိန်ပိုင်းအလိုက်သတ်မှတ်၍လည်း လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်ပါသည်။ ညှိနှိုင်းပြင်ဆင်လည်ပတ်ဆောင်ရွက်နိုင်သောဓာတ်အားပေးစက်ရုံများ နှင့်ပတ်သက်၍ စာချုပ်ဝင်များအနေဖြင့် အောက်ပါအချက်များကို ထည့်သွင်းစဉ်းစားသင့်ပါသည်။

  • လောင်စာရရှိနိုင်မှုအနေအထား၊ အသုံးပြုမည့်နည်းပညာ၊ စက်ရုံလည်ပတ်မှုစနစ် သို့မဟုတ် ပတ်ဝန်းကျင် နှင့် စီမံကိန်းရေးဆွဲမှုဆိုင်ရာအနေအထားများက စက်ရုံလည်ပတ်ဆောင်မှုအပေါ် မည်သည့်အချိန်တွင်၊ မည်သို့အကျိုးသက်ရောက်မှုရှိနိုင်မည်နည်း။
  • စက်ရုံလည်ပတ်မှုကို ကြိမ်ဖန်များစွာစတင်ခြင်း၊ ရပ်တန့်ခြင်း၊ စက်ရုံ၏ဓာတ်အားထုတ်လုပ်မှုပမာဏ အပြောင်းအလဲရှိခြင်းတို့သည် စက်ရုံရှိစက်ယန္တရာများဆိုင်ရာပြုပြင်ထိန်းသိမ်းရေးအချိန်သတ်မှတ်ချက် နှင့် တာရှည်ခံမှုအပေါ် ထိခိုက်လာနိုင်သည်ဖြစ်ရာ စက်ရုံရှိစက်ယန္တရားများယိုယွင်းပျက်စီးလာမှုကို အတတ်နိုင်ဆုံးထိန်းသိမ်းနိုင်ရန် ပြင်ဆင်လည်ပတ်သည့်စက်ရုံလည်ပတ်မှုကို မည်သို့ညှိနှိုင်းဆောင်ရွက် မည်နည်း။

၆။ လုပ်ငန်းအကောင်အထည်ဖော်ဆောင်ရွက်မှုကိုယာယီရပ်ဆိုင်းခြင်း နှင့် ငွေပေးချေခြင်း

ကာလရှည် PPA တစ်ခုတွင် စီမံကိန်းအကောင်အထည်ဖော်သူအနေဖြင့် ထုတ်လုပ်မှုစွမ်းအားနှင့်အညီ ဓာတ်အား ထုတ်လုပ်နိုင်စေရန်ဖြည့်ဆည်းဆောင်ရွက်ရမည့်တာဝန်ရှိကြောင်း သတ်မှတ်ထားလေ့ရှိပြီး ထိုသတ်မှတ်ထားသည့် ပမာဏအတိုင်းထုတ်လုပ်နိုင်ခြင်းမရှိပါက သက်ဆိုင်ရာလျော်ကြေးများကိုပေးချေရမည်ဖြစ်ကြောင်းလည်း သတ် မှတ်ထားပါသည်။ သို့ရာတွင် မလွန်ဆန်နိုင်သောဖြစ်ရပ်များအပါအဝင် အချို့အခြေအနေများတွင် လုပ်ငန်း လည်ပတ်ဆောင်ရွက်မှုများကို ယာယီရပ်ဆိုင်းထားရန်ခွင့်ပြုပေးလေ့ရှိပါသည်။ စာချုပ်ဝင်များအနေဖြင့် အောက်ပါ အခြေအနေများကို အလေးထားစဉ်းစားသင့်ပါသည် –

  • PPA ပါ မလွန်ဆန်နိုင်သောဖြစ်ရပ်များဆိုင်ရာစည်းကမ်းချက်များတွင် ထိခိုက်ခံစားရသောစာချုပ်ဝင်၏ ထိန်းချုပ်ဆောင်ရွက်နိုင်စွမ်းထက်အမှန်တကယ်ကျော်လွန်သောဖြစ်ရပ်များကိုသာ မလွန်ဆန်နိုင်သော ဖြစ်ရပ်များအဖြစ် သတ်မှတ်ကြောင်း ရှင်းရှင်းလင်းလင်း၊ မှန်ကန်တိကျစွာ ထည့်သွင်းရေးသားထားပါ သလား။ မလွန်ဆန်နိုင်သောဖြစ်ရပ်များ နှင့် ညံ့ဖျင်းသောစီမံကိန်းရေးဆွဲမှု သို့မဟုတ် ပေါ့ဆမှုတို့၏အကျိုး ဆက်အဖြစ် ပေါ်ပေါက်လာသောကိစ္စရပ်များကို ခွဲခြားနိုင်မည့်နည်းလမ်းတစ်ရပ်ကို စာချုပ်ဝင်များက အမှန်တကယ်ကျင့်သုံးနိုင်ပါမည်လား။
  • မူလပေးချေရမည့်ငွေပမာဏမှနုတ်ယူလျှော့ချပေးချေရန်မသတ်မှတ်မီ စီမံကိန်းအကောင်အထည်ဖော် သူက မလွန်ဆန်နိုင်သောဖြစ်ရပ်တစ်ခုကို ကုစားပြင်ဆင်ရန်အချိန်ကာလမည်မျှအထိရရှိနိုင်ပါမည်နည်း။ မလွန်ဆန်နိုင်သောဖြစ်ရပ်ဖြစ်ပွားနေချိန်တွင်လည်း လျှပ်စစ်ဓာတ်အားဝယ်ယူခွင့်ရရှိသူက ဓာတ်အား ထုတ်လုပ်နိုင်စွမ်းဆိုင်ရာပေးချေငွေများကို ဆက်လက်ပေးချေရပါမည်လား။ မလွန်ဆန်နိုင်သောဖြစ်ရပ် တစ်ခုက တိုးမြှင့်ပေးထားသည့်အချိန်အတိုင်းအတာတစ်ခုအထိဆက်လက်ဖြစ်ပွားနေပါက မည်သည့် စာချုပ်ရပ်စဲရန်အခွင့်အရေးများ နှင့် ငွေပေးချေမှုခံစားခွင့်များရှိလာနိုင်ပါမည်နည်း။
  • ဓာတ်အားပေးစက်ရုံကိုပိတ်ထားရန်စီမံကိန်းအကောင်အထည်ဖော်သူကိုခွင့်ပြုနိုင်သောအခြားဖြစ်ရပ်များ (ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်း၊ အရေးပေါ်အခြေအနေများ သို့မဟုတ် စက်ယန္တရား၊ စက်ပစ္စည်းတစ်ရပ်ရပ် ချို့ယွင်းနေခြင်း) ကို နည်းပညာပိုင်း နှင့် စက်ရုံလည်ပတ်မှုဆိုင်ရာကိစ္စရပ်များအဖြစ်သတ်မှတ်နိုင်ပါမည် လား။

၇။ အပြန်အလှန်ဆက်စပ်မှုရှိသော (“Back-to-backing”) တာဝန်ဝတ္တရားများ

အသစ်တည်ဆောက်ထားသောဓာတ်ပေးစက်ရုံများတွင် စီမံကိန်းအကောင်အထည်ဖော်သူသည် PPA စည်းကမ်း ချက်များကိုဆွေးနွေးညှိနှိုင်းရာ၌ အခြားစီမံကိန်းဆိုင်ရာသဘောတူစာချုပ်များဖြစ်ကြသော စီမံကိန်းတည်ဆောက် ရေးသဘောတူစာချုပ်၊ စွမ်းအင်ဝယ်ယူရေးသဘောတူစာချုပ်၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်း နှင့် ပြုပြင်ထိန်း သိမ်းခြင်းသဘောတူစာချုပ် သို့မဟုတ် တာဘိုင်ဝယ်ယူခြင်းသဘောတူစာချုပ်တို့တွင် ဆုံးရှုံးနိုင်ခြေအလားအလာ များကိုလည်း ထည့်သွင်းစဉ်းစားလေ့ရှိပါသည်။ ထိုစာချုပ်များတွင်ပါဝင်သောသက်ဆိုင်ရာစည်းကမ်းချက်များမှာ တစ်ခုနှင့်တစ်ခုအပြန်အလှန်ချိတ်ဆက်၍ ရေးဆွဲရပါမည် (“Back-to-backed”)။ စီမံကိန်းဆိုင်ရာသဘောတူ စာချုပ်တစ်ခုအရ စီမံကိန်းအကောင်အထည်ဖော်သူက ဆောင်ရွက်ပေးရမည့်တာဝန်ရှိပါက အခြားသဘောတူ စာချုပ်တစ်ရပ်တွင် ပြန်လည်ရရှိမည့်ခံစားခွင့်တစ်ရပ်ရပ်ကို ထည့်သွင်းသတ်မှတ်ပေးရမည်ဖြစ်ပါသည်။ အောက်ပါ အချက်များမှာ စီမံကိန်းအကောင်အထည်ဖော်သူအနေဖြင့် အပြန်အလှန်ဆက်စပ်ထည့်သွင်းလိုသည့်အချက်များ၏ နမူနာများဖြစ်ကြပါသည် –

  • စီမံကိန်းအကောင်အထည်ဖော်သူသည် စီမံကိန်းဆိုင်ရာသဘောတူစာချုပ်များတစ်ခုချင်းစီတွင် မလွန်ဆန်နိုင်သောဖြစ်ရပ်များဆိုင်ရာအဓိပ္ပာယ်သတ်မှတ်ချက် နှင့် စည်းကမ်းချက်များကို အနီးစပ်ဆုံး ဆက်စပ်မှုရှိစေရန် သို့မဟုတ် ထပ်တူကျစေရန် ထည့်သွင်းလိုလေ့ရှိပါသည်။ ဥပမာ- PPA အရ မလွန် ဆန်နိုင်သောဖြစ်ရပ်ကာလအတွင်း စီမံကိန်းအကောင်အထည်ဖော်သူက ဝင်ငွေမရရှိပါက လောင်စာ ဝယ်ယူခြင်းသဘောတူစာချုပ်ပါ “Take-or-pay” စည်းကမ်းချက်များအရ လောင်စာဝယ်ယူမှုပေးချေ ငွေများကို ပေးချေရန်တာဝန်မရှိစေရကြောင်း ထည့်သွင်းလိုခြင်းမျိုးဖြစ်ပါသည်။
  • PPA အရ စက်ရုံတည်ဆောက်ခြင်း၊ နှင့် စီမံကိန်းကို လုပ်ငန်းဆိုင်ရာသတ်မှတ်ချက်များနှင့်အညီ တည် ဆောက်တပ်ဆင်၍ထိုသို့တည်ဆောက်တပ်ဆင်ထားကြောင်း စစ်ဆေးအတည်ပြုခြင်း (Commissioning) နှင့်စပ်လျဉ်း၍ စီမံကိန်းအကောင်အထည်ဖော်သူက ဆောင်ရွက်ရမည့်တာဝန်များကို စီမံကိန်းတည် ဆောက်ရေးသဘောတူစာချုပ်အရ စီမံကိန်းတည်ဆောက်သူထံသို့ လွှဲအပ်ရမည်ဖြစ်ပါသည်။
  • စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်သူသည် PPA တွင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုအနေ အထားအလိုက်အာမခံချက်အတွက် တာဘိုင်ထုတ်လုပ်သူထံမှအာမခံချက်ကို ရယူလိုမည်ဖြစ်ပါသည်။
By | 2022-11-01T02:49:15+00:00 |Uncategorized|Comments Off on ကာလရှည်လျှပ်စစ်ဓာတ်အားဝယ်ယူရေး သဘောတူစာချုပ်များ – အဓိကစဉ်းစားရမည့် အချက်  ၇ ချက်

About the Author:

X