Law in Transition – the Mission Legal blog

Law in Transition is the legal blog of Mission Legal, where we share our thoughts on law, investment, tax and development issues, with a particular focus on issues relevant to Myanmar’s continuing transition towards a modernised and stable economy and society.

မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အရေးပါသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ဥပဒေမူဘောင် (အပိုင်း ၁)

ဤဆောင်းပါးမှာ ((အပိုင်း ၃) ၌ ဒါရိုက်တာများ၏တာဝန်ဝတ္တရားများနှင့်သက်ဆိုင်သော သြစတြေးလျ နိုင်ငံ၏စီရင်ထုံးရည်ညွှန်းကိုးကားချက်များအပါအဝင်) ၂၀၁၇ ခုနှစ်၊ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ကော်ပိုရိတ် စီမံအုပ်ချုပ်မှုဆိုင်ရာမူဘောင်၏အဓိကအရေးပါသောအချက်များကိုသုံးသပ်တင်ပြထားသော ဆောင်းပါးသုံးပုဒ် အနက် ပထမဆုံးတစ်ပုဒ်ဖြစ်ပါသည်။

(၁)       ကော်ပိုရိတ်စီမံအုပ်ချုပ်မှု (Corporate Governance) ဆိုသည်မှာအဘယ်နည်း။ ကော်ပိုရိတ်စီမံအုပ်ချုပ်မှု မှာ အဘယ်ကြောင့်အရေးပါရပါသနည်း။

ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနှင့်နောက်ကွယ်၌ပတ်သက်ဆက်နွှယ်နေသောအခြေခံမူများကိုရှင်းလင်းစွာ နားလည်သဘောပေါက်နိုင်ရန်အတွက် ကုမ္ပဏီများ၏အခြေခံရည်ရွယ်ချက် နှင့် ကော်ပိုရိတ်အုပ်ချုပ်မှုက ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံလာစေရန်၊ ကုမ္ပဏီများဖွံ့ဖြိုးတိုးတက်လာစေရန်အထောက်အကူပြုပုံတို့ကို လည်း နားလည်သဘောပေါက်ရန် မဖြစ်မနေလိုအပ်ပါသည် –

  • စုပေါင်းရင်းနှီးမြှုပ်နှံမှုများ (Collective Investment) စုစည်းရယူနိုင်ရန်အတွက် ကုမ္ပဏီများကို အဆင်ပြေသည့်၊ သင့်လျော်သည့် Vehicle များအဖြစ်အသုံးပြုကြပါသည်။
  • အများအားဖြင့် ကုမ္ပဏီများတွင် အစုရှယ်ယာရှင်များရှိကြပြီး ထိုအစုရှယ်ယာရှင်များမှာ ရင်းနှီး မြှုပ်နှံသူများသက်သက်ဖြစ်ကြရာ စီမံခန့်ခွဲမှုလုပ်ငန်းများတွင် ပါဝင်ပတ်သက်မှုမရှိကြဘဲ စီမံခန့်ခွဲသူမန်နေဂျာများနှင့်လည်း ပုဂ္ဂိုလ်ရေးအရရင်းနှီးကျွမ်းဝင်မှုမရှိကြပေ။
  • ရင်းနှီးမြှုပ်နှံသူများသည် ၎င်းတို့အနေဖြင့် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုများနှင့်ပတ်သက်၍ လုံလောက် ပြီး တိကျမှန်ကန်သောသတင်းအချက်အလက်များကို ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၎င်းတို့၏ ရင်းနှီး မြှုပ်နှံမှုကို အကာအကွယ်ပေးရန်အတွက် လုပ်ငန်းလုပ်ကိုင်ရာတွင် လိုက်နာရမည့်အနိမ့်ဆုံးစံချိန် စံညွှန်းများကို ကုမ္ပဏီစီမံခန့်ခွဲမှုအဖွဲ့ကလိုက်နာဆောင်ရွက်မည်ဖြစ်ကြောင်း အထိုက်အလျောက် ယုံကြည်ချက်ထားရှိရန် လိုအပ်ပါသည်။
  • ဤသို့ဖြင့် “ကော်ပိုရိတ်စီမံအုပ်ချုပ်မှု” ဟူသောအခြေခံသဘောတရားမှာပေါ်ပေါက်လာခဲ့ပြီး ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာသဘောတရားအချို့ကို ကုမ္ပဏီများဆိုင်ရာဥပဒေတွင်ထည့်သွင်း ပြဋ္ဌာန်းထားရာ ထိုသို့ပြဋ္ဌာန်းထားခြင်းသည် မိမိတို့ကိုယ်တိုင်စီမံအုပ်ချုပ်မှုမရှိသည့်ကုမ္ပဏီများ တွင် ငွေကြေးထည့်ဝင်ရင်းနှီးမြှုပ်နှံလိုသည့် အစုရှယ်ယာရှင်များ၏ယုံကြည်ချက်ပိုမိုခိုင်မာစေပါ သည်။
  • ထိုမှတစ်ဆင့် ပိုမိုကျယ်ပြန့်ပြီး ခေတ်မီသောစီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများအဖြစ်သို့တစ်ဆင့် တက်လှမ်းနိုင်အောင် လုပ်ဆောင်ရန်လိုအပ်ပါသည်။

(၂)       မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါတာဝန်များ – ကုမ္ပဏီမှတ်ပုံတင်စာရင်းများ

၂၀၁၇ ခုနှစ်၊မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ (MCL) တွင် ကုမ္ပဏီမှတ်ပုံတင်စာရင်းဆိုင်ရာလိုက်နာရမည့် အချက်များသတ်မှတ်၍ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုကိုအထောက်အကူပြုသော မဖြစ်မနေလိုက်နာရမည့် သတင်းအချက်အလက်များ နှင့် ပွင့်လင်းမြင်သာမှုဆိုင်ရာတာဝန်များကို ထည့်သွင်းပြဋ္ဌာန်းထားပါသည် –

  • ပုဂ္ဂလိကကုမ္ပဏီတစ်ခုသည် MCL အရပြုစုထားရှိရန်လိုအပ်သော မှတ်ပုံတင်စာရင်း၊ အညွှန်း စာရင်းများအားလုံးကို ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးက ၎င်း၏မှတ်ပုံတင်ရုံးတွင် (သို့မဟုတ် အဆိုပါအချက်အလက်များထိန်းသိမ်းထားရှိရာ အခြားနေရာတစ်ခုတွင်) သာမန်အလုပ်ချိန် အတွင်း စစ်ဆေးနိုင်ရန်အတွက် အခမဲ့ခွင့်ပြုပေးရမည်ဖြစ်ပြီး အများနှင့်သက်ဆိုင်သောကုမ္ပဏီ ဆိုပါက မည်သို့ပုဂ္ဂိုလ်ကိုမဆို သင့်လျော်သောငွေပမာဏတစ်ရပ်ပေးဆောင်စေ၍ ၎င်းတို့၏ မှတ်ပုံတင်စာရင်း/အညွှန်းစာရင်းများကို စစ်ဆေးခွင့်ပြုရမည်။ (MCL ပုဒ်မ ၉၉ (က))
  • ကုမ္ပဏီတွင်ပါဝင်သူတစ်ဦးဦးကသော်လည်းကောင်း၊ အခြားပုဂ္ဂိုလ်တစ်ဦးဦးကသော်လည်း ကောင်း မှတ်ပုံတင်စာရင်း နှင့်/သို့မဟုတ် အညွှန်းစာရင်းများအားလုံးကိုဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ကိုဖြစ်စေ သင့်လျော်သောငွေပမာဏတစ်ရပ်ပေးဆောင်၍ ရယူနိုင်ပါသည်။ ကုမ္ပဏီအနေဖြင့် ထိုသို့ရယူရန်တောင်းဆိုမှုကို ၁၀ ရက်တာကာလအတွင်းလိုက်နာဆောင်ရွက်ရပါမည်။ (MCL ပုဒ်မ ၉၉ (ခ))
  • ကုမ္ပဏီအနေဖြင့် ၎င်း၏မှတ်ပုံတင်စာရင်း နှင့်/သို့မဟုတ် အညွှန်းစာရင်းများကိုစစ်ဆေးရန် တောင်းဆိုချက်ကို ငြင်းပယ်ခဲ့ပါက သို့မဟုတ် သတ်မှတ်ထားသည့်ကာလအတွင်း မိတ္တူစာရွက် စာတမ်းများကို ပေးပို့ခဲ့ခြင်းမရှိပါက ထိုသို့ပျက်ကွက်ခဲ့သည့်ကုမ္ပဏီ၊ သက်ဆိုင်ရာဒါရိုက်တာ နှင့် အရာရှိတစ်ဦးချင်းစီသည် ဒဏ်ကြေးငွေ ကျပ် ၂၅၀,၀၀၀ ကိုပေးဆောင်ရမည်ဖြစ်ပါသည်။ ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) သည်လည်း စစ်ဆေးကြည့်ရှုရန် တောင်းဆိုထားသောမှတ်ပုံတင်စာရင်းများ သို့မဟုတ် အညွှန်းစာရင်းများကိုစစ်ဆေးခွင့် ပေးသည့်အမိန့် သို့မဟုတ် မိတ္တူပေးပို့ပေးစေသည့်အမိန့်တစ်ရပ်ချမှတ်နိုင်ပါသည်။ (MCL ပုဒ်မ ၁၀၀)
  • MCL အခန်း ၁၃ အရ ကုမ္ပဏီများအနေဖြင့် အောက်ပါမှတ်ပုံတင်စာရင်းများ/အညွှန်းစာရင်းများ ကို အဓိကထားရှိရန်လိုအပ်ပါသည်။ (အောက်ဖော်ပြပါစာရွက်စာတမ်းများမှာ ထားရှိရန်လိုအပ် သည့်စာရင်းများအားလုံးကို ထည့်သွင်းထားခြင်းဖော်ပြထားခြင်းမဟုတ်ပါ။ MCL အရ အခြား မှတ်ပုံတင်စာရင်းများကိုထားရှိရန်လိုအပ်ပါသည်။)
    • ကုမ္ပဏီတွင်ပါဝင်သူများ (အစုရှယ်ယာရှင်များ) ၏မှတ်ပုံတင်စာရင်း
    • အစုရှယ်ယာများ၏သက်သေခံလက်မှတ်များ
    • အော့ပ်ရှင် (Option) ရရှိသူများ၏မှတ်ပုံတင်စာရင်း
    • ဒီဘင်ချာရှိသူများ၏မှတ်ပုံတင်စာရင်း
    • အခြားအကျိုးခံစားခွင့်များ၏မှတ်ပုံတင်စာရင်း (အစုရှယ်ယာများ/ငွေချေးသက်သေခံ လက်မှတ်များ)
  • ကုမ္ပဏီဒါရိုက်တာ နှင့် အရာရှိတိုင်း၏တာဝန်မှာ မှတ်ပုံတင်စာရင်းများ နှင့် အညွှန်းစာရင်းများကို MCL အခန်း ၁၃ နှင့်အညီ ထိန်းသိမ်းထားရှိရန် နှင့် လိုအပ်သည့်အခါ စစ်ဆေးခွင့်ပြုစေရန်ဖြစ်ပြီး DICA/MyCO သို့ လိုအပ်သည့်တင်ပြမှုများပြုလုပ်ရမည်ဖြစ်သည့်အပြင် MCL ပါအခြားတာဝန်များ ကို လိုက်နာဆောင်ရွက်ရန်လိုအပ်ပါသည်။ (“MyCO” ဆိုသည်မှာ မြန်မာနိုင်ငံအွန်လိုင်းကုမ္ပဏီ မှတ်ပုံတင်စာရင်းများတင်သွင်းသည့်စနစ်ဖြစ်ပါသည်။) ကုမ္ပဏီ၊ ဒါရိုက်တာ နှင့် အခြားအရာရှိ တိုင်းသည် သိလျက်ဖြင့်ဖြစ်စေ၊ တမင်ဖြစ်စေ ဤပြဋ္ဌာန်းချက်ကိုလိုက်နာရန်ပျက်ကွက်ပါက ဒဏ်ကြေးငွေ ကျပ် ၅၀၀,၀၀၀ ကိုပေးဆောင်ရပါမည်။ (MCL ပုဒ်မ ၁၀၄ -၁၀၅)
  • ကုမ္ပဏီများက ထိန်းသိမ်းထားရရှိမည့်အခြားမှတ်ပုံတင်စာရင်းများတွင် အောက်ပါတို့ပါဝင်ပါသည် –
    • ပေါင်နှံခြင်း နှင့် ကြွေးမြီတာဝန်တင်ရှိခြင်း (MCL ပုဒ်မ ၂၄၇ – ၂၄၈)။ ဒါရိုက်တာ နှင့် အခြားအရာရှိတိုင်းသည် ပြုလုပ်ရန်လိုအပ်သောရေးသွင်းဖော်ပြချက်တစ်ရပ်ရပ် ရေး သွင်းဖော်ပြရန်ပျက်ကွက်ခြင်းကို သိလျက်ဖြင့်တမင်ခွင့်ပြုခဲ့ပါက ဒဏ်ကြေးငွေကျပ် ၂၅၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ပါသည်။
    • ဒါရိုက်တာများ၊ ကုမ္ပဏီအတွင်းရေးမှူးများ (ဒါရိုက်တာများ၏အကျိုးခံစားခွင်များ အပါအဝင်) (MCL အခန်း ၁၉၊ ပုဒ်မ ၁၈၉ – ၁၉၀)။ ဒါရိုက်တာ နှင့် အခန်း ၁၉ ပါ ပြဋ္ဌာန်းချက်များကိုလိုက်နာရန်တာဝန်ရှိသည့်အခြားပုဂ္ဂိုလ်တစ်ဦးဦးသည် အဆိုပါ ပြဋ္ဌာန်းချက်ကိုလိုက်နာရန်ပျက်ကွက်ပါက ဒဏ်ကြေးငွေကျပ် ၁၀,၀၀၀,၀၀၀ ကို ပေးဆောင်ရမည်ဖြစ်ပါသည်။
  • MCL ပါ ဤတာဝန်များအရ ကုမ္ပဏီတွင်ပါဝင်သူများ (အစုရှယ်ယာရှင်များ) သည် ကုမ္ပဏီရေးရာ အဓိကကိစ္စအဝဝ၊ ကုမ္ပဏီရှိအကျိုးခံစားခွင့်အားလုံးနှင့်သက်ဆိုင်သောသတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ ဥပဒေအရ တရားဝင်ရယူပိုင်ခွင့်ရှိပါသည်။

(၃)       ဒါရိုက်တာများ၏အကျိုးခံစားခွင့်များ နှင့် မဲပေးခွင့်မပြုခြင်း

ဒါရိုက်တာများ နှင့် အတွင်းရေးမှူးများမှတ်ပုံတင်စာရင်းတွင်ထည့်သွင်းမှတ်တမ်းတင်ရမည့်အကျိုးခံစား ခွင့်များသည် ဒါရိုက်တာအဖွဲ့၏ဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍ အကျိုးခံစားခွင့်များကို ထုတ်ဖော်တင်ပြရ မည့် ဒါရိုက်တာများ၏တာဝန်၊ ကုမ္ပဏီက ဒါရိုက်တာများသို့ အကျိုးခံစားခွင့်ပေးအပ်ရန်အတွက် ဒါရိုက်တာအဖွဲ့ သို့မဟုတ် ကုမ္ပဏီတွင်ပါဝင်သူများ၏ခွင့်ပြုချက်ကိုရယူရမည့်တာဝန်တို့နှင့် သက်ဆိုင်ပါ သည်။

အကျိုးခံစားခွင့်များ

  • ကုမ္ပဏီ၏လုပ်ငန်းကိစ္စရပ်များတွင် အရေးကြီးသောပုဂ္ဂိုလ်ရေးဆိုင်ရာ အကျိုးခံစားခွင့်တစ်ရပ်ရပ် ပါရှိသော ဒါရိုက်တာတစ်ဦးသည် ထိုအကျိုးခံစားခွင့်နှင့်စပ်လျဉ်းသောအကြောင်းကြားစာကို ဒါရိုက်တာအဖွဲ့ထံသို့တင်ပြရမည် (ဒါရိုက်တာတစ်ဦးအဖြစ်ဆောင်ရွက်ရသည့် ၎င်း၏ရာထူး ကြောင့်သာပေါ်ပေါက်လာသော ဒါရိုက်တာအကျိုးခံစားခွင့်တစ်ရပ်နှင့်အဓိကသက်ဆိုင်လျက်ရှိ သော MCL ပါ ခြွင်းချက်များမှအပ)။ အဆိုပါအကြောင်းကြားစာတွင် အကျိုးခံစားခွင့်၏ အခြေအနေ၊ အတိုင်းအတာပမာဏတို့နှင့်သက်ဆိုင်သောအချက်အလက်အသေးစိတ်ကို ဖော်ပြ ပါရှိရမည်ဖြစ်ပြီး ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် ပေးပို့တင်ပြရမည်ဖြစ်ကာ မှတ်တမ်းများတွင် စာရင်းရေးသွင်းထားရမည်ဖြစ်ပါသည်။ (MCL ပုဒ်မ ၁၇၂)
  • ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင်ဆုံးဖြတ်မည့်ကုမ္ပဏီ၏လုပ်ငန်းကိစ္စများတွင် ပုဂ္ဂိုလ်ရေးရာ အကျိုးခံစားခွင့်တစ်ရပ်ရပ်ရှိသောဒါရိုက်တာတစ်ဦးသည် ဒါရိုက်တာအဖွဲ့အစည်းအဝေးတွင် ထိုကိစ္စရပ်ကို ဆုံးဖြတ်ဆောင်ရွက်နေချိန်၌ မဲပေးခြင်းမပြုရ သို့မဟုတ် တက်ရောက်ခြင်းမပြုရ။ (အခြားဒါရိုက်တာများက ထိုကိစ္စကို ခွင့်ပြုသင့်သည်ဟု ဆုံးဖြတ်သည်မှအပ) (MCL ပုဒ်မ ၁၆၃)
  • အကျိုးခံစားခွင့်များကို ထုတ်ဖော်ပြောကြားရမည့်တာဝန်ရှိခြင်း၊ ဆွေးနွေးဆုံးဖြတ်မည့်ကိစ္စရပ် တွင် ၎င်းတို့၏အကျိုးခံစားခွင့်များပါဝင်နေပါက မဲပေးခွင့်မရှိခြင်းဟူသောအချက်များသည် အကျိုးစီးပွားဝိရောဓိ (Conflict of Interest) ဖြစ်နိုင်ခြေအလားအလာ နှင့် ဖြစ်ပွားမှုကို ရှောင်ရှား ရန် နှင့် ဒါရိုက်တာအဖွဲ့၏ဆုံးဖြတ်ချက်ချမှတ်ရာတွင် ပွင့်လင်းမြင်သာမှုရှိစေရန် အထောက် အကူပြုသည့်အပြင် ဒါရိုက်တာများအနေဖြင့် ကုမ္ပဏီ၏အကောင်းဆုံးအကျိုးစီးပွားကိုရှေးရှု၍ သဘောရိုးဖြင့် ဆောင်ရွက်ရန်တာဝန်ကို လိုက်နာဆောင်ရွက်ရန်လည်း အထောက်အကူပြု ပါသည်။

ဒါရိုက်တာများ၏အခကြေးငွေ

  • ဒါရိုက်တာတစ်ဦးကို အခကြေးငွေ သို့မဟုတ် အကျိုးခံစားခွင့်ပေးခြင်းသည် ကုမ္ပဏီ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ဖြစ်ကြောင်း၊ ဆောင်ရွက်နေသောအခြေအနေများနှင့် ကျိုး ကြောင်းညီညွတ်မှုရှိကြောင်း၊ နှစ်ဦးနှစ်ဘက်လွတ်လပ်စွာဖြင့် ဘက်လိုက်မှုမရှိသည့်စည်းကမ်း ချက်များဖြင့်သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ကျေနပ်လက်ခံပါက ဒါရိုက်တာအဖွဲ့သည် ဒါရိုက်တာတစ်ဦးအား အခကြေးငွေ သို့မဟုတ် အခြားအကျိုးခံစားခွင့်များ (ငွေပေးချေခြင်း၊ ချေးငွေထုတ်ပေးခြင်း၊ အာမခံချက်များပေးခြင်း) တို့ကို ခွင့်ပြုပေးအပ်နိုင်ပါသည်။ ထိုသို့ငွေပေး ချေခြင်း သို့မဟုတ် အကျိုးခံစားခွင့်ပေးခြင်းကို ခွင့်ပြုရန်ထောက်ခံမဲပေးသောဒါရိုက်တာများ သည် ကုမ္ပဏီ၏ အကောင်းဆုံးအကျိုးစီးပွားအတွက် ဖြစ်ကြောင်း၊ ဆောင်ရွက်နေသော အခြေ အနေများနှင့် ကျိုးကြောင်းညီညွတ်မှုရှိကြောင်း၊ နှစ်ဦးနှစ်ဘက်လွတ်လပ်စွာဖြင့် ဘက်လိုက်မှု မရှိသည့်စည်းကမ်းချက်များဖြင့်သတ်မှတ်ဆောင်ရွက်ခြင်းဖြစ်ကြောင်းအတည်ပြုသောသက်သေ ခံမှတ်တမ်းကို လက်မှတ်ရေးထိုးရပါမည်။ ထိုငွေပေးချေမှု သို့မဟုတ် အကျိုးခံစားခွင့်ပေးခြင်း ဆိုင်ရာခွင့်ပြုချက်ကို နောက်တစ်ကြိမ်ကျင်းပသောနှစ်ပတ်လည်အထွေထွေအစည်းအဝေးတွင် ကုမ္ပဏီတွင်ပါဝင်သူများထံသို့ ထုတ်ဖော်တင်ပြရမည်။ (MCL ပုဒ်မ ၁၈၇)
  • ဒါရိုက်တာများ၏အခကြေးငွေ သို့မဟုတ် အကျိုးခံစားခွင့်များကို ခွင့်ပြုပေးခြင်းပြု၊ မပြု ဟူသော ဒါရိုက်တာအဖွဲ့၏ဆုံးဖြတ်ချက်များကို ကုမ္ပဏီတွင်ပါဝင်သူများ၏အထွေထွေအစည်းအဝေး သို့တင်ပြခြင်း (ကုမ္ပဏီတွင်ပါဝင်သူများထံသို့ မပေးပို့မီ အစည်းအဝေးအကြောင်းကြားစာကို DICA သို့ တင်ပြအတည်ပြုခြင်းအပါအဝင်)  ကိုလည်း MCL တွင်ပြဋ္ဌာန်းထားပါသည်။ (MCL ပုဒ်မ ၁၈၈)
  • MCL အခန်း ၁၉ ပါ ဒါရိုက်တာများ၏အကျိုးခံစားခွင့်ဆိုင်ရာပြဋ္ဌာန်းချက်များကို ဒါရိုက်တာ နှင့် အခန်း ၁၉ ကိုလိုက်နာရန်တာဝန်ရှိသည့်အခြားပုဂ္ဂိုလ်တစ်ဦးဦးက လိုက်နာရန်ပျက်ကွက်ပါက ဒဏ်ကြေးငွေကျပ် ၁၀,၀၀၀,၀၀၀ ပေးဆောင်ရမည်ဖြစ်ပါသည်။ ဒါရိုက်တာအဖြစ်မှရပ်စဲခြင်း အပါအဝင် အခြားပြစ်ဒဏ်များလည်း ထပ်မံချမှတ်နိုင်ပါသည်။
  • ဒါရိုက်တာများက ကုမ္ပဏီ၏ကျခံမှုဖြင့် ၎င်းတို့၏ပုဂ္ဂလိကဆိုင်ရာအကျိုးစီးပွားနှင့်ဆက်နွှယ်မှု ရှိသော သို့မဟုတ် မသင့်လျော်သော သို့မဟုတ် ခွင့်မပြုသင့်သောအကျိုးခံစားခွင့်များကိုခွင့်ပြုရန် လုပ်ဆောင်ခြင်းမှာ ကော်ပိုရိတ်စီမံအုပ်ချုပ်မှုအခြေခံမူကို ဖောက်ဖျက်ခြင်း နှင့် ကုမ္ပဏီ၏ Value ကို ဖျက်ဆီးခြင်းသဘောသက်ရောက်သည့်သိသာထင်ရှားသောနည်းလမ်း ၂ ရပ်ဖြစ်ပါသည်။ ဤကိစ္စရပ်များနှင့်စပ်လျဉ်း၍ ထုတ်ဖော်ပြောဆိုခြင်း နှင့် ခွင့်ပြုခြင်းဆိုင်ရာတာဝန်များသည် ရိုးဖြောင့်မှန်ကန်မှုမရှိဘဲလုပ်ဆောင်နိုင်ခြေအလားအလာကို လျော့ကျစေပါသည်။
By | 2022-07-11T17:43:50+00:00 |Uncategorized|Comments Off on မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ အရေးပါသော ကော်ပိုရိတ်စီမံအုပ်ချုပ်မှုဆိုင်ရာ ဥပဒေမူဘောင် (အပိုင်း ၁)

About the Author:

X