Law in Transition – the Mission Legal blog

Law in Transition is the legal blog of Mission Legal, where we share our thoughts on law, investment, tax and development issues, with a particular focus on issues relevant to Myanmar’s continuing transition towards a modernised and stable economy and society.

ရေနံ နှင့် သဘာဝဓာတ်ငွေ့ဖက်စပ်လုပ်ငန်း လည်ပတ်မှုဆိုင်ရာ သဘောတူစာချုပ် (JOA) နှင့် စပ်လျဉ်းသော အဓိကအချက်ငါးရပ်

JOA ဆိုင်ရာနောက်ခံအကြောင်းအရာများ

ဖက်စပ်လုပ်ငန်းလည်ပတ်မှုဆိုင်ရာသဘောတူစာချုပ် (JOA) ဆိုသည်မှာ ရေနံ နှင့် သဘာဝဓာတ်ငွေ့စူးစမ်း ရှာဖွေခြင်း နှင့် တူးဖော်ထုတ်လုပ်ခြင်းလုပ်ငန်းများကို တစ်ခုထက်ပိုသောအဖွဲ့အစည်းများက ပူး‌ပေါင်းဆောင် ရွက်ရာ၌ ထိုပူးပေါင်းဆောင်ရွက်သောအဖွဲ့အစည်းများအကြား ဆက်သွယ်ဆောင်ရွက်မှုများနှင့်သက်ဆိုင်သည့် စည်းကမ်းချက်များသတ်မှတ်ရန်အတွက် ဖက်စပ်ကုမ္ပဏီအသစ်တစ်ရပ်မတည်ထောင်တော့ဘဲ ဖက်စပ်ဆောင် ရွက်ရန်သဘောတူချုပ်ဆိုသည့်စာချုပ်တစ်ရပ်ဖြစ်ပါသည်။ JOA ၏အခြေခံအခန်းကဏ္ဍမှာ –

(၁) စာချုပ်ဝင်တစ်ဘက်ချင်းစီက ခံစားရရှိမည့်ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်များကို တိတိကျကျ သတ်မှတ်အတည်ပြုရန်။ ဆိုလိုသည်မှာ – သက်ဆိုင်ရာရှာဖွေထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့် စာချုပ် (Production Sharing Contract – PSC) သို့မဟုတ် အစိုးရကခွင့်ပြုပေးအပ်သည့်လုပ်ငန်း လုပ်ကိုင်ခွင့်ဆိုင်ရာသဘောတူစာချုပ် (Concession Agreement) နှင့်အညီ အကောင်အထည် ဖော်မည့်စီမံကိန်း၏အကျိုးခံစားခွင့် များ နှင့် အခြေပစ္စည်း (Assets) များအပေါ် စာချုပ်ဝင်တစ်ဘက် ချင်းစီက အချိုးကျခံစားခွင့်ရရှိသည့် အစုရှယ်ယာကို ဆိုလိုပါသည်။

(၂) စာချုပ်ဝင်တစ်ဘက်ချင်းစီက ၄င်းခံစားရရှိမည့်ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်များကို စာချုပ်ဝင် တစ်ဘက်ချင်းစီ၏အခွင့်အရေးများ၊ အကျိုးခံစားခွင့်၊ ကုန်ကျစရိတ်များ နှင့် တာဝန်ဝတ္တရားများကို သတ်မှတ်ရန် နှင့် ခွဲဝေပေးအပ်ရန်။

JOA အရ ပေါ်ပေါက်လာသည့်ဖက်စပ်လုပ်ငန်းအတွက် ကုမ္ပဏီအသစ်တစ်ရပ်ကို ဥပဒေနှင့်အညီဖွဲ့စည်းတည် ထောင်မည်မဟုတ်သောကြောင့် စီမံကိန်းဆိုင်ရာလုပ်ငန်းလည်ပတ်ဆောင်ရွက်မှုတာဝန်များကိုတာဝန်ယူ စီမံခန့်ခွဲရန်နှင့် ဖက်စပ်လုပ်ငန်းဆောင်ရွက်သူများ၏ကိုယ်စား သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများ အပါ အဝင် တတိယပုဂ္ဂိုလ်အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ရန်ရည်ရွယ်၍ စာချုပ်ဝင်တစ်ဘက်ဘက်ကို စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်သူ (Operator) အဖြစ် JOA နှင့်အညီ ခန့်အပ်ရပါမည်။

ရှာဖွေထုတ်လုပ်မှုအပေါ်ခွဲဝေခံစားသည့်သဘောတူစာချုပ် (သို့မဟုတ် အခြားလုပ်ငန်းလုပ်ကိုင်ခွင့်ဆိုင်ရာ သဘောတူစာချုပ်) အရ စီမံခန့်ခွဲမှုကော်မတီ (Management Committee) ကို သက်ဆိုင်ရာအစိုးရအာဏာပိုင် နှင့်စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်သူတို့ကအသီးသီးရွေးချယ်ခန့်အပ်သည့်အဖွဲ့ဝင်များဖြင့် ကန်ထရိုက်တာအဖွဲ့အဖြစ် ဖွဲ့စည်းတည်‌ထောင်ပါမည်။ စီမံခန့်ခွဲမှုကော်မတီသည် စီမံကိန်းလုပ်ငန်းအကောင် အထည်ဖော်သူက တင်ပြလာသည့်လုပ်ငန်းဆိုင်ရာအစီအစဉ်များ၊ ဘတ်ဂျတ်များ၊ တည်ဆောက်ရေးလုပ်ငန်း အစီအစဉ်များကို စိစစ်သုံးသပ်၍ ခွင့်ပြုပေးရပါမည်။  စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီ (Operating Committee) ကို JOA နှင့်အညီ ဥပဒေနှင့်အညီဖွဲ့စည်းတည်ထောင်ထားခြင်းမရှိသော ဖက်စပ်လုပ်ငန်းအဆင့်ရှိသောအဖွဲ့အစည်း၏စိစစ်အတည်ပြုရေးကော်မတီ (Decision Making Committee) အဖြစ် ဖွဲ့စည်းတည်ထောင်ရပါမည်။ သို့ရာတွင် အချို့ကိစ္စရပ်များဆိုင်ရာဆုံးဖြတ်ချက်များကို စီမံခန့်ခွဲမှု ကော်မတီကသာ အတည်ပြုဆုံးဖြတ်ကာ JOA ပါစည်းကမ်းချက်များနှင့်အညီ ခွင့်ပြုချက်ပေးရမည် ဖြစ်ပါသည်။

စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီကို အများအားဖြင့် JOA  စာချုပ်ဝင်တစ်ဘက်စီ၏ ကိုယ်စားလှယ်များဖြင့်ဖွဲ့စည်းလေ့ရှိပါသည်။ စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်သူက စီမံကိန်းအကောင် အထည်ဖော်ဆောင်ရေးကော်မတီထံသို့ တင်ပြလာသည့်အချက်အလက်များ၊ အစီရင်ခံစာများ သို့မဟုတ် အဆိုပြုတင်ပြချက်များအပေါ်အခြေခံ၍ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီသည် ဆုံးဖြတ် ချက်များကို ချမှတ်ပါသည်။ ကိစ္စရပ်များအပေါ်မူတည်၍ မဲခွဲဆုံးဖြတ်ရာတွင် လိုအပ်သည့်ထောက်ခံမဲအရေ အတွက်မှာ မတူညီကြပေ။ ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်အနည်းငယ်သာ‌ရှိသော ဖက်စပ်လုပ်ငန်း ဆောင်ရွက်သူသည် ၄င်းမထောက်ခံသော်လည်း အများစုထောက်ခံသည့်ဆုံးဖြတ်ချက်အတိုင်းမဖြစ်မနေ လိုက်နာဆောင်ရွက်ရနိုင်ဖွယ်အလားအလာကိုကန့်သတ်ရန်အတွက် အရေးပါသောဆုံးဖြတ်ချက်များအတွက် ရရှိမည့်ထောက်ခံမဲအရေအတွက်ကိုတိုးမြှင့်ရန် သို့မဟုတ် သက်ဆိုင်သူအားလုံးတစ်ညီတစ်ညွတ်တည်း ထောက်ခံသည့်ထောက်ခံချက်ကိုရရှိအောင်ဆောင်ရွက်ရန် ကြိုးပမ်းလေ့ရှိပါသည်။ သက်ဆိုင်သူအားလုံး တစ်ညီတစ်ညွတ်တည်းထောက်ခံသည့်ထောက်ခံချက်ကိုလိုအပ်သောကိစ္စရပ်များမှာ အများအားဖြင့် စီးပွားဖြစ် ထုတ်လုပ်နိုင်မည့်ရေနံ နှင့် သဘာဝဓာတ်ငွေ့သိုက်ရှာဖွေတွေ့ရှိကြောင်းအတည်ပြုခြင်း၊ ရေနံ နှင့် သဘာဝ ဓာတ်ငွေ့လုပ်ကွက်သစ်များ ရှာဖွေစမ်းသပ်ခြင်း၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ကွက်တွင် လုပ်ငန်း ဆောင်ရွက်ခွင့်ကို စွန့်လွှတ်ခြင်း၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းများဆောင်ရွက်မှုကိုရပ်စဲခြင်း၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့တွင်းများပိတ်၍ လုပ်ငန်းဆောင်ရွက်မှုပိတ်သိမ်းခြင်း တို့ဖြစ်ကြပါသည်။

သို့ရာတွင်  စီမံကိန်းလုပ်ငန်းလည်ပတ်ဆောင်ရွက်မှုအတွက် အဓိကတာဝန်ရှိသည့်စာချုပ်ဝင်ဖြစ်သည့် အလျောက် စီမံကိန်းလုပ်ငန်းအကောင်အထည်ဖော်သူ (Operator) သည် JOA အရ လုပ်ငန်းတာဝန်များကို အဓိကတာဝန်ယူဆောင်ရွက်ရမည်ဖြစ်သည့်အပြင် ပေါ်ပေါက်လာနိုင်သည့်ပေးရန်တာဝန်များအတွက်လည်း တာဝန်ယူဖြေရှင်းရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့် စာချုပ်ဝင်များထံမှခွင့်ပြုချက်ရယူရန်လိုအပ်ခြင်း၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့် စာချုပ်ဝင်များထံသို့ အကြောင်းကြားရန်လိုအပ်ခြင်း ဟူသည့်တာဝန်များကိုကန့်သတ်လျက် စီမံကိန်းလုပ်ငန်း အကောင်အထည်ဖော်သူ (Operator) အနေဖြင့် စီမံကိန်းလုပ်ငန်းများကိုဆောင်ရွက်ရာတွင် အမြင့်ဆုံးစီမံ ထိန်းချုပ်ဆောင်ရွက်ခွင့်ရရှိလေ့ရှိပါသည်။

JOA နှင့်စပ်လျဉ်း၍အဓိကစဉ်းစားရမည့်အချက်များ

JOA ကိုရေးဆွဲရာတွင် စီမံကိန်းအကောင်အထည်ဖော်သူ (Operator) နှင့် စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသူ (Non-operator) များအကြား၊ ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်အများစုရရှိမည့် စာချုပ်ဝင်များ နှင့် ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်အနည်းငယ်သာရရှိမည့်စာချုပ်ဝင်များအကြား၊ ရေနံ နှင့် သဘာဝဓာတ်ငွေ့စီမံကိန်းများ၏ တန်ဖိုး နှင့် ကုန်ကျစရိတ်များ၊ သက်ဆိုင်ရာဆုံးရှုံးနိုင်ခြေအလားအလာတို့ အကြား အခြေအနေများအလိုက် လွှမ်းမိုးထိန်းချုပ်ခွင့်၊ ငွေကြေးဖြည့်ဆည်းမှု နှင့် ပေးရန်တာဝန်များနှင့် ပတ်သက်၍ အလေးထားစိစစ်လေ့လာရန် လိုအပ်ပါသည်။ JOA ကိုထိရောက်စွာရေးဆွဲရာတွင် အဓိကစဉ်းစားရမည့်အရေးအပါဆုံးအချက် ၅ ချက်ကို အောက်ပါအတိုင်း အကျဉ်းချုပ်တင်ပြလိုက်ရပါသည်။

၁။ လွှမ်းမိုးထိန်းချုပ်ခွင့် နှင့် အတည်ပြုခြင်း

အထက်တွင်ဖော်ပြခဲ့သည့်အတိုင်း စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိသည့်အပြင် ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်အနည်းစုရရှိမည့်သူများကိုအကာအကွယ်ပေးနိုင်ရန်အတွက် စီမံကိန်းအကောင်အထည်ဖော်ဆောင်ရေးကော်မတီ၏ဆုံးဖြတ်ချက်များကိုအတည်ပြုချမှတ်ရာတွင် များပြားသည့်ထောက်ခံမဲအရေအတွက်ရရှိရမည်ဖြစ်ကြောင်းသတ်မှတ်ရန် သို့မဟုတ် သက်ဆိုင်သူ အားလုံးတစ်ညီတစ်ညွတ်တည်းထောက်ခံအတည်ပြုရန် ကျယ်ကျယ်ပြန့်ပြန့်လက်ခံထားကြသည့် အချက်နှင့်သက်ဆိုင်သောအခြေအနေများရှိပါသည်။ သို့ရာတွင် ဆက်လက်လုပ်ငန်းဆောင်ရွက်နေဆဲ ကိစ္စရပ်များ (အထူးသဖြင့် စီမံကိန်းအကောင်အထည်ဖော်သူကတင်ပြလာသော နှစ်စဉ်လုပ်ငန်း အစီအစဉ်များ နှင့် ဘတ်ဂျတ်များ) နှင့်ပတ်သက်၍ အတည်ပြုသတ်မှတ်ရမည်ဆိုပါက ပိုမိုရှုပ်ထွေးလာ နိုင်ပါသည်။ စီမံကိန်းလုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါကိစ္စရပ်များကို အတည်ပြုရာတွင် နှောင့်နှေးကြန့်ကြာမှုများ သို့မဟုတ် နှစ်ဘက်သဘောတူညီချက်မရရှိဘဲ လုပ်ငန်းစဉ်ရပ်တန့်နေမှုများ မဖြစ်ပွားစေရန် အထူးဂရုပြုကြရပါမည်။ ထို့ကြောင့် လုပ်ငန်း အစီအစဉ်များ၊ ဘတ်ဂျတ်များကို အတည်ပြုသတ်မှတ်နိုင်ရန်အတွက် သက်ဆိုင်သူအားလုံးတစ်ညီ တစ်ညွတ်တည်းအတည်ပြုထောက်ခံရန် မလိုအပ်ဘဲ တိကျစွာသတ်မှတ်ထားသည့်ထောက်ခံမဲအရေ အတွက်ရရှိရန်လိုအပ်ပါသည်။

သို့ရာတွင် ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်နည်းပါးသည့်စာချုပ်ဝင်အနေဖြင့် ပါဝင်လိုသည့်ဆန္ဒ မရှိသောလုပ်ငန်းစဉ်များ သို့မဟုတ် ကုန်ကျစရိတ်ကျခံမှုများကို ထောက်ခံသည့်ဆုံးဖြတ်ချက်ကို မဖြစ်မနေလိုက်နာဆောင်ရွက်ရနိုင်သည့်အလားအလာနှင့်ရင်ဆိုင်ရနိုင်ပါသည်။ သို့ဖြစ်၍ အတည်ပြု ထောက်ခံမဲအရေအတွက် သတ်မှတ်ချက်ဆိုင်ရာကိစ္စသည် အမြဲတသမတည်းရှိနေမည့်ကိစ္စရပ်တစ်ခု ဖြစ်ပါသည်။ ထို့ပြင် စာချုပ်ဝင်များက ဖက်စပ်လုပ်ငန်းရှိ ရင်းနှီးမြှုပ်နှံငွေများကိုပြန်လည်ထုတ်ယူပြီး အခြားစာချုပ်ဝင်အသစ်များလာရောက်ရင်းနှီးမြှုပ်နှံသည့်အခြေအနေဖြစ်ပါက စာချုပ်ဝင်များ၏ ထည့်ဝင်မှုဆိုင်ရာ အကျိုးခံစားခွင့်နှင့်ပတ်သက်၍လည်း စီမံကိန်းကာလတစ်လျှောက် အပြောင်းအလဲ များဖြစ်ပေါ်နိုင်ခြေရှိရာ လွှမ်းမိုးထိန်းချုပ်ခွင့် နှင့် အတည်ပြုခြင်းဆိုင်ရာကိစ္စရပ်များကို ဆက်လက် ဆောင်ရွက်နေသည့်ကိစ္စရပ်များအဖြစ်သတ်မှတ်ထားရန် လိုအပ်ပါသည်။

၂။ သဘောတူခွင့်မပြုဘဲနေခွင့်ရှိသည့်အခွင့်အရေး (Non-Consent Right) နှင့် စာချုပ်ဝင်တစ်ဦးတည်း တာဝန်ယူသည့်ဆုံးရှုံးနိုင်ခြေအလားအလာ (Sole Risk)

ဘတ်ဂျတ်များ နှင့် လုပ်ငန်းအစီအစဉ်များနှင့်ပတ်သက်၍သဘောထားကွဲလွဲမှုများပေါ်ပေါက်နေချိန် စီမံကိန်းလုပ်ငန်းများကိုအဆင်ပြေချောမွေ့စွာဆက်လက်ဆောင်ရွက်နိုင်မည့်နည်းလမ်းတစ်ခုကို သတ်မှတ်ရန်အတွက် JOA အများစုတွင် သဘောတူခွင့်မပြုဘဲနေခွင့်ရှိသည့်အခွင့်အရေး (Non-Consent Right) နှင့် စာချုပ်ဝင်တစ်ဦးတည်းက ဆုံးရှုံးနိုင်ခြေအနေအထားကိုတာဝန်ယူလျက် ဆောင်ရွက်ခွင့်ပြုသည့်လုပ်ငန်းများကို ခွင့်ပြုပေးလေ့ရှိပါသည်။

  • သဘောတူခွင့်မပြုဘဲနေခွင့်ရှိသည့်အခွင့်အရေး (Non-Consent Right) များအရ စာချုပ်ဝင် တစ်ဦးသည် ၄င်းက ကန့်ကွက်မဲပေးထားသော်လည်း အများစုကထောက်ခံမဲပေးထားသည့် ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခြင်းမပြုဘဲနေခွင့်ရှိပါသည်။ မည်သို့ပင်ဆိုစေကာမူ သတ်မှတ်ထားသည့်ထောက်ခံမဲအရေအတွက် ပြည့်မီမှုရရှိရန်လိုအပ်ပါသည်။
  • စာချုပ်ဝင်တစ်ဦးတည်း သို့မဟုတ် သက်ဆိုင်သောစာချုပ်ဝင်များကသာ တာဝန်ယူသည့် ဆုံးရှုံးနိုင်ခြေအလားအလာ (Sole Risk) ဆိုင်ရာ ပြဋ္ဌာန်းချက်များအရ စာချုပ်ဝင်တစ်ဦးဦး သို့မဟုတ် တစ်ဦးထက်ပိုသောစာချုပ်ဝင်များသည် သတ်မှတ်ထားသည့် ထောက်ခံမဲအရေ အတွက်မရရှိသောလုပ်ငန်းတစ်ခုကို အခြားစာချုပ်ဝင်များ၏ထောက်ခံချက်မရှိဘဲ ဆောင် ရွက်ခွင့်ရှိပါသည်။

အမှန်စင်စစ်အားဖြင့် စာချုပ်ဝင်တစ်ဦး သို့မဟုတ် တစ်ဦးထက်ပိုသောစာချုပ်ဝင်များကို အများ ထောက်ခံအတည်ပြုထားသည့်လုပ်ငန်းတစ်ရပ်၌ဝင်ရောက်လုပ်ကိုင်ရန်ငြင်းပယ်ခွင့်ပြုခြင်းသည် လည်းကောင်း၊ အများထောက်ခံအတည်ပြုထားခြင်းမရှိသည့်လုပ်ငန်းတစ်ရပ်ကို တစ်ဦးတည်း တာဝန်ယူစေလျက် ဆောင်ရွက်ခွင့်ပြုခြင်းသည်လည်းကောင်း လက်တွေ့ကျသောကိစ္စရပ်များ မဟုတ်ကြပေ။ ပုံမှန်အားဖြင့် JOA အရ စီမံကိန်းလုပ်ငန်းများအားလုံးကို စာချုပ်ဝင်အားလုံးက ပူးပေါင်း၍ အနည်းဆုံးအတူတကွဆောင်ရွက်ပေးရန် သဘောတူကတိပြုထားသည့်လုပ်ဆောင်ချက် များအားလုံးကို ဦးစားပေးကာ ပြည့်မီပြီးစီးအောင်လုပ်ဆောင်ပေးရမည့် တာဝန်များ (PSC အရ အစိုးရ ဌာနနှင့် သဘောတူညီထားသည့်အတိုင်း) ကိုဖြည့်ဆည်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။ ထိုသို့ အနည်းဆုံးလိုအပ်ချက်များကို ပူးပေါင်း၍ပြည့်မီအောင်ဆောင်ရွက်ပြီးနောက် JOA အရ စာချုပ်ဝင် တစ်ဦးသည် အများထောက်ခံအတည်ပြုထားသည့်လုပ်ငန်းတစ်ရပ်၌ဝင်ရောက်လုပ်ကိုင်ရန် ငြင်း ပယ်ခွင့်ကိုလည်းကောင်း၊ အများထောက်ခံအတည်ပြုထားခြင်းမရှိသည့်လုပ်ငန်းတစ်ရပ်ကို တစ်ဦး တည်း တာဝန်ယူစေလျက် ဆောင်ရွက်ခွင့်ကိုလည်းကောင်း ရရှိမည်ဖြစ်ပါသည်။ တစ်ဦးတည်း ဆောင်ရွက်ခွင့်ရရှိသည့် ကိစ္စရပ်များကိုခွင့်ပြုခြင်းနှင့်စပ်လျဉ်း၍ JOA တွင် တစ်ဦးတည်းတာဝန်ယူ ဆောင်ရွက်သည့်လုပ်ငန်းဆိုင်ရာ တာဝန်ယူမှု၊ တာဝန်ခံမှုနှင့်သက်ဆိုင်သောကိစ္စရပ်များ၊ အဆိုပါ လုပ်ငန်းများ၏နောက်ဆက်တွဲသက်ရောက်မှုများ၊ တစ်ဦးတည်းဆောင်ရွက်သည့်လုပ်ငန်းများ အတွက် ပူးတွဲပိုင်ဆိုင်သောပစ္စည်းများကို သုံးစွဲခွင့်၊ ထုတ်လုပ်မှုအပေါ်ခွဲဝေခံစားခြင်းအပေါ် သက်ရောက်နိုင်သည့်အကျိုးသက်ရောက်မှုများ စသည့်လက်တွေ့ကျသောအခြေအနေများအတွက် ရှင်းရှင်းလင်းလင်းသတ်မှတ်ထားရန်လိုအပ်ပါသည်။

၃။ ငွေကြေးဖြည့်ဆည်းခြင်း

JOA အရ ဖက်စပ်ကုမ္ပဏီအသစ်တစ်ရပ်တည်ထောင်ခြင်းမရှိဘဲဆောင်ရွက်သည့်ဖက်စပ်လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်ချက်များကို သဘောတူအတည်ပြုထားသည့်လုပ်ငန်းအစီအစဉ်များ နှင့် ဘတ်ဂျတ်များအပေါ်အခြေခံ၍ စီမံကိန်းအကောင်အထည်ဖော်သူ (Operator) က အခြားစာချုပ်ဝင် များထံသို့ ငွေသားထည့်ဝင်ကြရန်တောင်းခေါ်မှုများပြုလုပ်၍ ငွေကြေးဖြည့်ဆည်းမည်ဖြစ်ပါသည်။ စာချုပ်ဝင်တစ်ဦးက ထည့်ဝင်သည့်ငွေကြေးသည် သတ်မှတ်ပမာဏထက်နည်းပါးနေပါက သို့မဟုတ် စာချုပ်ဝင်တစ်ဦးက ငွေကြေးထည့်ဝင်ရန်ပျက်ကွက်နေပါက အဆိုပါပျက်ကွက်မှု သို့မဟုတ်  လိုအပ်ငွေပမာဏအတွက် ကျန်စာချုပ်ဝင်များက အချိုးကျခွဲဝေကာ ငွေကြေးဖြည့်ဆည်းကြရပါမည်။ အဆိုပါဖြစ်ရပ်၏အကျိုးဆက်အဖြစ် ဖက်စပ်လုပ်ငန်းဆောင်ရွက်သူများ၏ကနဦးစုဖွဲ့မှုသည် ငွေရေး ကြေးရေးအင်အားတောင့်တင်းနေသည့်အခြေအနေဖြစ်ပုံရသော်လည်း ဖက်စပ်လုပ်ငန်းဆောင်ရွက် သူတစ်ဦး၏ပျက်ကွက်မှုသည် ကျန်ဖက်စပ်လုပ်ငန်းဆောင်ရွက်သူများအတွက် စီမံကိန်းဆိုင်ရာ ငွေရေးကြေးရေးအခြေအနေကို များစွာထိခိုက်စေနိုင်ကာ ဖက်စပ်လုပ်ငန်းအောင်မြင်အောင်ဆောင် ရွက်နိုင်ဖွယ်အခြေအနေကို ထိခိုက်နိုင်ဖွယ်ရှိပါသည်။ ငွေကြေးထည့်ဝင်ရန်ပျက်ကွက်ခြင်း နှင့် ပျက် ကွက်သည့်စာချုပ်ဝင်၏ငွေကြေးပြန်လည်ထုတ်ယူမှု သို့မဟုတ် ထည့်ဝင်မှုများသိမ်းဆည်းခံရမှု တို့ကြောင့် ဖြစ်ပွားလာနိုင်သောဆုံးရှုံးနိုင်ခြေအလားအလာကို ငွေကြေးဖြည့်ဆည်းခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ ပျက်ကွက်ခြင်း နှင့် ပြန်လည်ကုစားပြင်ဆင်ခြင်းဆိုင်ရာစည်းကမ်းချက်များ ရေးဆွဲသတ်မှတ်ချိန်တွင် အလေးထားစဉ်းစားသင့်ပါသည်။

၄။ ပျက်ကွက်ခြင်း နှင့် ပြန်လည်ကုစားပြင်ဆင်ခြင်း

စာချုပ်ဝင်တစ်ဦးသည် အောက်ပါအခြေအနေများဖြစ်ပေါ်ပါက JOA အရ ပျက်ကွက်မှုတစ်ရပ်အဖြစ် သတ်မှတ်ရပါမည် –

  • လူမွဲခံယူသည့်အခြေအနေဖြစ်ပါက
  • JOA ၏အရေးပါသောစည်းကမ်းချက်တစ်ရပ်ရပ်ကို ချိုးဖောက်ပါက
  • သက်ဆိုင်ရာငွေကြေးပမာဏထည့်ဝင်ရန်တောင်းခေါ်မှု သို့မဟုတ် အခြားငွေကြေးဖြည့် ဆည်းရန်တောင်းခေါ်မှုအတိုင်း ထည့်ဝင်ရန်ပျက်ကွက်ပါက
  • JOA သို့မဟုတ် PSC အရလိုအပ်သောအာမခံကို ပေးအပ်ရန်ပျက်ကွက်ပါက
  • JOA သို့မဟုတ် PSC အရ ပေးလျော်ြခင်းဆိုင်ရာတာဝန်များကို ဖြည့်ဆည်းဆောင်ရွက်ရန် ပျက်ကွက်ပါက

JOA တွင် အများအားဖြင့် ပျက်ကွက်မှုဆိုင်ရာအကြောင်းကြားခြင်းလုပ်ငန်းစဉ်တစ်ရပ်ကို ထည့်သွင်း ပြဋ္ဌာန်းလေ့ရှိပြီး သက်ဆိုင်ရာစာချုပ်ဝင်ကို ပျက်ကွက်မှုအတွက်ပြန်လည်ကုစားပြင်ဆင်ခွင့်ပေးလေ့ရှိ ပါသည်။ ပျက်ကွက်မှုသဘောသဘာဝအပေါ်အခြေခံ၍ JOA အရ သက်ဆိုင်ရာစာချုပ်ဝင်က ခံစားရရှိ မည့်အဓိကအခွင့်အရေးများ (အထူးသဖြင့် ဆုံးဖြတ်ချက်ချမှတ်ခွင့်၊ ထုတ်လုပ်မှုအပေါ်ခံစားခွင့်များ နှင့် ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်များကို အဆိုပါအကြောင်းကြားခြင်းကာလအတွင်း ခေတ္တဆိုင်းငံ့ ထားမည်ဖြစ်ပါသည်။

သက်ဆိုင်ရာငွေပေးချေမှုများအပါအဝင် ပျက်ကွက်မှုကို သတ်မှတ်ထားသည့်အလုပ်ဖွင့်ရက်များ အတွင်း ပြန်လည်ဖြည့်ဆည်းရန်ပျက်ကွက်ပါက ထိုစာချုပ်ဝင်ကို ပျက်ကွက်သည့်စာချုပ်ဝင်ဟု မှတ် ယူရမည်။ ပျက်ကွက်မှုမရှိသည့်စာချုပ်ဝင်များအနေဖြင့် အခြားစာချုပ်ဝင်တစ်ဦး၏ပျက်ကွက်မှုများမှ ပေါ်ပေါက်လာ‌သောဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးပြန်လည်ရရှိရန် သို့မဟုတ် အခြားနည်း ကုစားပြင်ဆင်ရန်အတွက် ရွေးချယ်ကျင့်သုံးလေ့ရှိသည့်နည်းလမ်းများမှာ –

  • ထည့်ဝင်မှုများကိုသိမ်းဆည်းခြင်း – ပျက်ကွက်သည့်စာချုပ်ဝင်အနေဖြင့် JOA နှင့် PSC တို့အရ ၄င်း၏အခွင့်အရေးများ၊ ဥပ‌ဒေ နှင့် အကျိုးခံစားခွင့်များကို လက်လွတ်ဆုံးရှုံးခံရမည့်အခြေ အနေဖြစ်ပါက
  • ရောင်းချရန်တွန်းအားပေးခြင်း သို့မဟုတ် ဝယ်ယူခြင်း – ပျက်ကွက်သည့်စာချုပ်ဝင်အနေဖြင့် ၄င်း၏ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်များကို မပျက်ကွက်သည့်စာချုပ်ဝင်များထံသို့ လျှော့ ချသည့်နှုန်းထားဖြင့်ရောင်းချရမည့်အနေအထားဖြစ်ပါက
  • ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်အချိုးအစားလျော့ကျခြင်း – ပျက်ကွက်သည့်ပမာဏ၏ အချိုးကျပမာဏအလိုက် ပျက်ကွက်သည့်စာချုပ်ဝင်၏ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့် လျော့ကျပါက
  • ပျက်ကွက်သည့်စာချုပ်ဝင်ကပေးအပ်ထားသည့်အာမခံကိုအတည်ပြုဆောင်ရွက်ခြင်း

ပျက်ကွက်မှုအတွက် ပြန်လည်ကုစားပြင်ဆင်မှုသတ်မှတ်ထားခြင်း၊ အတည်ပြုဆောင်ရွက်ခြင်းနှင့် ပတ်သက်၍ JOA တွင် ထည့်သွင်းစဉ်းစားရမည့်အချက်များမှာ –

  • ယုံမှတ်အပ်နှံမှုဆိုင်ရာအကျိုးခံစားခွင့်များ သို့မဟုတ် အာမခံအကျိုးခံစားခွင့်တစ်ရပ်ရပ်ကို အသိအမှတ်ပြုလက်ခံခြင်း နှင့် အတည်ပြုဆောင်ရွက်ခြင်းတို့နှင့်စပ်လျဉ်း၍ ကုစားပြင်ဆင်မှု များအပေါ်ဟန့်တားထားသည့်အဟန့်အတားတစ်ရပ်ရပ်ကို သက်ဆိုင်ရာပြည်တွင်းဥပဒေ များတွင် ပြဋ္ဌာန်းထားခြင်းရှိ၊ မရှိ။
  • ပျက်ကွက်သည့်စာချုပ်ဝင်၏ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်ကို လွှဲအပ်ခြင်း သို့မဟုတ် အခြားနည်းလွှဲပြောင်းပေးအပ်ခြင်းပြုလုပ်ပါက PSC အရ သို့မဟုတ် အခြားပြည်တွင်းဥပဒေ များအရ အစိုးရအဖွဲ့၏ခွင့်ပြုချက်ကို ပုံမှန်အားဖြင့် လျှောက်ထားရယူကြရပါသည်။
  • ရောင်းချရန်တွန်းအားပေးခြင်း နှင့် ဝယ်ယူပေးခြင်းတို့ကို လျှော့ချထားသည့်နှုန်းထားဖြင့် တွက်ချက်၍ နှုန်းထားသတ်မှတ်လေ့ရှိပါသည်။ လျှော့ချသည့်နှုန်းထားကိုသတ်မှတ်ရာတွင်  သင့်လျော်သည့်လက်ရှိစျေးကွက်ပေါက်စျေးအပေါ်အခြေခံ၍ တွက်ချက်လေ့ရှိကြပါသည်။ ပျက်ကွက်ခြင်းမရှိသည့်စာချုပ်ဝင်များသည် အများအားဖြင့် ၄င်းတို့အနေဖြင့် ပိုမိုများပြား သောလျော်ကြေးများကိုရရှိနိုင်ကြရန်အတွက် မြင့်မားသောလျှော့စျေးနှုန်းထားကို သတ်မှတ် လေ့ရှိကြပါသည်။ သို့ရာတွင် သင့်လျော်သောလက်ရှိစျေးကွက်ပေါက်စျေးကိုတွက်ချက် သတ်မှတ်ရာ၌ သဘောထားကွဲလွဲမှုများဖြစ်ပေါ်ပြီး တရားစွဲဆိုမှုများပေါ်‌ပေါက်လာနိုင်သည် ကို သတိပြုသင့်ပါသည်။
  • ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်အချိုးအစားလျော့ကျသည့်ပမာဏကို JOA တွင် အသေးစိတ်သတ်မှတ်ထားသော ပုံသေနည်းအတိုင်း တွက်ချက်ရမည်ဖြစ်ပါသည်။ အဆိုပါ ပုံသေနည်းကို အတည်ပြုသတ်မှတ်နိုင်ရန်အတွက် ကြိမ်ဖန်များစွာအပြန်အလှန်ဆွေးနွေးကြ ရမည်ဖြစ်ပါသည်။ စီမံကိန်းလုပ်ငန်းများဆောင်ရွက်ရာတွင် အခြေပစ္စည်း (Asset) တစ်ခု၏ အသုံးဝင်မှုသည် မျှော်မှန်းထားသည်ထက် နည်းပါးနေသောကြောင့်  စာချုပ်ဝင်တစ်ဘက် ဘက်က ၄င်း၏အကျိုးခံစားခွင့်များ နှင့် တာဝန်များကိုလျှော့ချသည့်နည်းလမ်းတစ်ရပ်အဖြစ် ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်အချိုးအစားလျှော့ချသည့်နည်းလမ်းကို ကျင့်သုံးလာနိုင် ဖွယ်အလားအလာရှိသည်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။

၅။ ထည့်ဝင်မှုဆိုင်ရာအကျိုးခံစားခွင့်များကိုလွှဲပြောင်းပေးခြင်း

JOA သို့မဟုတ် အခြားသက်ဆိုင်ရာဥပဒေများတွင် စာချုပ်ဝင်တစ်ဘက်ဘက်၏ထည့်ဝင်မှုဆိုင်ရာ အကျိုးခံစားခွင့်ကိုလွှဲအပ်ခြင်းနှင့်စပ်လျဉ်း၍ အခွန်အခများ၊ အခြားအခကြေးငွေများကို သတ်မှတ် ထားနိုင်ပြီး သက်ဆိုင်ရာအစိုးရဌာန၏ခွင့်ပြုချက်များကို ရယူရန်လည်း လိုအပ်နိုင်ပါသည်။ JOA တွင် ဆက်လက်ဆောင်ရွက်မည့်စာချုပ်ဝင်များ၏သဘောတူညီချက်ကို JOA နှင့်အညီရယူရန်လိုအပ် ကြောင်း၊ JOA နှင့်အညီ ဆက်လက်ဆောင်ရွက်မည့်စာချုပ်ဝင်များကို ထည့်ဝင်မှုဆိုင်ရာအကျိုးခံစား ခွင့်များလွှဲအပ်ခြင်းနှင့်စပ်လျဉ်း၍ဦးစားပေးအခွင့်အရေးပေးအပ်ရန်လိုအပ်ကြောင်း၊ လွှဲပြောင်းပေးအပ် မည့်စာချုပ်ဝင်အနေဖြင့် အစိုးရ၏သဘောတူညီချက်များ သို့မဟုတ် ခွင့်ပြုချက်များကို ထပ်မံရယူရန် လိုအပ်ကြောင်း (သို့မဟုတ် ထိုသို့ရယူရန်မလိုအပ်ကြောင်း အတည်ပြုချက်ရယူခြင်း) တို့ကဲ့သို့ အထွေထွေစည်းကမ်းချက်များ သို့မဟုတ် ခွင့်ပြုချက်ရယူရန်သတ်မှတ်ချက်များကို ထည့်သွင်းသတ် မှတ်နိုင်ပါသည်။

လွှဲပြောင်းမည့်စာချုပ်ဝင်၏တွဲဖက်လုပ်ငန်းအဖွဲ့အစည်းတစ်ရပ်သို့လွှဲပြောင်းပေးမည့်ကိစ္စရပ် သို့မဟုတ် လွှဲပြောင်းမှုသည် လိုင်စင်အများအပြား သို့မဟုတ် PSC များရှိများပြားသောအကျိုးခံစားခွင့်များစွာကို လွှဲအပ် ရောင်းချသည့်သဘောသက်ရောက်သောဆောင်ရွက်ချက်၏အစိတ်အပိုင်းတစ်ရပ်ဖြစ်နိုင်သောကြောင့် JOA များတွင် လွှဲပြောင်းရောင်းချခြင်းနှင့်စပ်လျဉ်း၍ ကန့်သတ်ချက်များကို ထည့်သွင်းရေးသားလေ့ရှိကြပါသည်။

By | 2022-10-05T12:45:53+00:00 |Uncategorized|Comments Off on ရေနံ နှင့် သဘာဝဓာတ်ငွေ့ဖက်စပ်လုပ်ငန်း လည်ပတ်မှုဆိုင်ရာ သဘောတူစာချုပ် (JOA) နှင့် စပ်လျဉ်းသော အဓိကအချက်ငါးရပ်

About the Author:

X