Law in Transition – the Mission Legal blog

Law in Transition is the legal blog of Mission Legal, where we share our thoughts on law, investment, tax and development issues, with a particular focus on issues relevant to Myanmar’s continuing transition towards a modernised and stable economy and society.

သတ္တုတူးဖော်ခြင်းလုပ်ငန်းမစတင်မီ ဆောင်ရွက်ရမည့် Due Diligence လုပ်ငန်းစဉ်အမျိုးအစားများ နှင့် ရင်းနှီး မြှုပ်နှံမှုအပေါ်ဆန်းစစ်လေ့လာခြင်း

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးကဏ္ဍ၌ ပြုလုပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ၊ နိုင်ငံတကာစံချိန်စံညွှန်း များနှင့်အညီလုပ်ငန်းဆောင်ရွက်လျက်ရှိသောနိုင်ငံသားပိုင်လုပ်ငန်းများမှာ သယံဇာတပေါများကြွယ်ဝသည့် အခြား နိုင်ငံများစွာနှင့်နှိုင်းယှဉ်ကြည့်မည်ဆိုပါက သိသိသာသာနည်းပါးလွန်းပါသည်။ လက်ရှိနိုင်ငံရေး၊ စီးပွားရေး နှင့် လုံခြုံရေးဆိုင်ရာမတည်ငြိမ်မှုများကလည်း မြန်မာနိုင်ငံ၏သတ္တုတူးဖော်ရေးစီမံကိန်းများတွင် နိုင်ငံတကာ ရင်းနှီး မြှုပ်နှံမှုများဝင်ရောက်လာနိုင်ခြေအလားအလာကို လျော့ကျစေသည်။ သို့သော်လည်း လက်ရှိကိစ္စရပ်များ မဖြစ်ပေါ် မီကတည်းက မြန်မာနိုင်ငံ၏သတ္တုတူးဖော်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများနည်းပါးပြီး ထိုသို့နည်းပါးရသည့် သမိုင်းကြောင်းဆိုင်ရာ၊ ဥပဒေစည်းမျဉ်းစည်းကမ်းများဆိုင်ရာ နှင့် ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာအကြောင်းရင်းများစွာ ရှိပါသည်။

မြန်မာနိုင်ငံသည် သယံဇာတပေါများကြွယ်ဝသည့်နိုင်ငံအဖြစ်ဆက်လက်ရပ်တည်လျက်ရှိနေသေးသော်လည်း သတ္တုတူးဖော်ရေးလုပ်ငန်းတွင်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု၊ စီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်မှုတို့မှာ “နှစ်ရှည် ဆောင်ရွက်ရသည့်အရာများ” ဖြစ်ကြပါသည်။ သို့ဖြစ်ရာ နိုင်ငံပြန်လည်တည်ငြိမ်အေးချမ်းလာစေရန် ဆောင်ရွက် နိုင်ပြီး သတ္တုတွင်းတူးဖော်ရေးကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာစေရန်အတွက် ဥပဒေစည်းမျဉ်း စည်းကမ်းများအရ ဖြေလျော့သတ်မှတ်ချက်များထုတ်ပြန်ပေးလာမည်ဆိုပါက လာမည့်နှစ်များအတွင်း မြန်မာ နိုင်ငံ၏သတ္တုတူးဖော်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများ ထင်သာမြင်သာမြင့်တက်လာသည်ကို မြင်တွေ့ရနိုင်ခြေ အလားအလာရှိပါသည်။

သတ္တုစမ်းသပ်ရှာဖွေရေး သို့မဟုတ် သတ္တုတူးဖော်ထုတ်လုပ်ရေးလုပ်ငန်းဆောင်ရွက်သည့်ကုမ္ပဏီ (“Target Company”) ကို ဝယ်ယူရန် သို့မဟုတ် အဆိုပါကုမ္ပဏီတွင် အစုရှယ်ယာအများစုထည့်ဝင်ရန်စဉ်းစားမည်ဆိုပါက နိုင်ငံတကာရင်းနှီးမြှုပ်နှံသူများသည် အောက်ဖော်ပြပါအချက်များအားလုံးကိုဖြစ်စေ၊ အများစုကိုဖြစ်စေ ထည့်သွင်း စဉ်းစားလေ့ရှိကြပါသည်။ (ရင်းနှီးမြှုပ်နှံမှုအနည်းငယ်မျှသာပြုလုပ်မည့်ရင်းနှီးမြှုပ်နှံသူများအတွက်မူ ဤအချက် များအားလုံးကို ထည့်သွင်းစဉ်းစားရန်မလိုအပ်ဟု တွေးကောင်းတွေးနိုင်ပါသည်။) ဤအချက်အများစုမှာ မတူညီ သော ကဏ္ဍများအကြား ကုမ္ပဏီအချင်းချင်းပေါင်းစပ်ဖွဲ့စည်းခြင်း နှင့် ကုမ္ပဏီဝယ်ယူခြင်း (Merger & Acquisition) ဆိုင်ရာလုပ်ဆောင်ချက်များနှင့်သက်ဆိုင်ပါသည်။ သို့သော်လည်း အချို့အချက်များမှာမူ တူးဖော်ခြင်းလုပ်ငန်းများ (အထူးသဖြင့် သတ္တုတူးဖော်ခြင်းလုပ်ငန်း) နှင့်သာသက်ဆိုင်သည့်အချက်များဖြစ်ကြပါသည်။

Target Company ၏စီမံခန့်ခွဲရေးအဖွဲ့အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကို တက်ကြွစွာရှာဖွေလျက်ရှိပြီး Target Company ၏လုပ်ငန်းကို ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန်သင့်လျော်သည့် အကျိုးအမြတ်ဖြစ်ထွန်းနိုင်သောလုပ်ငန်းအဖြစ် အများ ကရှုမြင်လာစေရန် လုပ်ဆောင်လျက်ရှိသည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီလုပ်ငန်းဆိုင်ရာအချက်အလက်များ အသေးစိတ်စိစစ်သည့်လုပ်ငန်းစဉ် (Due Diligence) ကို ရင်းနှီးမြှုပ်နှံလိုသူ၏ရှုထောင့်မှနေ၍ လုပ်ဆောင်ခြင်းဖြင့် လိုအပ်သည့်သတင်းအချက်အလက်များကို ရရှိနိုင်မည်ဖြစ်ပါသည်။ ဤနည်းလမ်း၏အဓိကရည်ရွယ်ချက်မှာ Target Company အနေဖြင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမေးမြန်းချက်များကို တိကျလုံလောက်စွာ ပြန်လည်ဖြေကြား နိုင်ခြင်းရှိ၊ မရှိကို ရင်းနှီးမြှုပ်နှံလိုသူများက စစ်ဆေးလိုခြင်းဖြစ်ပါသည်။

(အောက်ပါအချက်များမှာ နိုင်ငံတကာသတ္တုတူးဖော်ရေးကဏ္ဍတွင် ကျင့်သုံးလျက်ရှိသည့်အထွေထွေနည်းလမ်းနှင့် အဓိကသက်ဆိုင်ပါသည်။ သို့ဖြစ်ရာ အဆိုပါအချက်များအနက် အချက်အချို့ကို မြန်မာနိုင်ငံတွင် လုံလောက်စွာ ဖြေရှင်းဆောင်ရွက်ရန် အခက်အခဲများရှိနေနိုင်ပါသည်။ သို့ပါသော်လည်း ထိုသို့သောအခြေအနေမျိုးနှင့်ရင်ဆိုင်လာ ရပါက Target Company အနေဖြင့် အဆိုပါကိစ္စရပ်များနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံလိုသူများ၏မေးမြန်းချက်များ ကို တုံ့ပြန်ဖြေကြားမည့်နည်းလမ်းများကို စဉ်းစားထားရှိရန်လိုအပ်ပါသည်။)

Target Company အနေဖြင့်ထည့်သွင်းစဉ်းစားရမည့်အခြားအရေးကြီးသည့်အချက်တစ်ရပ်မှာ နိုင်ငံခြားရင်းနှီးမြှုပ် နှံမှုများပြုလုပ်ရန်စိတ်ဝင်စားမှုမြင့်တက်လာအောင်ဆောင်ရွက်ရာတွင် မဟာဗျူဟာကျသည့်ရည်မှန်းချက်တစ်ရပ် ကို တိတိကျကျချမှတ်ထားရန်လိုအပ်ပါသည်။ Target Company က ရင်းနှီးမြှုပ်နှံမှုတစ်ခုမှ မည်သည့်တို့ကို ရယူ လိုပါသနည်း။ ရင်းနှီးမြှုပ်နှံသူတစ်ဦးနှင့်ပူးပေါင်းလိုက်ခြင်းဖြင့် Target Company ၏စီမံကိန်းများအတွက် နည်းပညာပိုင်းဆိုင်ရာအထောက်အပံ့များကို ရရှိလာပါမည်လား။ မတည်ငွေရင်းလိုအပ်ချက်အတွက် ငွေသားရင်းနှီး မြှုပ်နှံမှုသက်သက်ကိုသာ လိုအပ်နေသည့်အခြေအနေဖြစ်ပါသလား။ ငွေသားရင်းနှီးမြှုပ်နှံမှုကိုရှာဖွေနေသည် ဆိုပါက Target Company က ကြွေးမြီဖြင့်ငွေကြေးဖြည့်ဆည်းခြင်း (Debt Funding) နှင့် Equity ဖြင့်ငွေကြေး ဖြည့်ဆည်းခြင်း (Equity Funding) တို့နှစ်ခုအနက် မည်သည့်နည်းလမ်းကိုဦးစားပေးရွေးချယ်လိုကြောင်း စဉ်းစား သုံးသပ်ပြီးဖြစ်ပါသလား။ Target Company ဘက်က ကာလရှည် နှင့် ကာလတိုရည်မှန်းချက်များချမှတ်ထားပြီး ဖြစ်ပါသလား (ငွေကြေးလည်ပတ်စီးဆင်းမှုပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်း (Increases in Casflow)  နှင့် နောင်တွင် ကုမ္ပဏီ၏အစုရှယ်ယာများကို အများပြည်သူသို့ကနဦးကမ်းလှမ်းရောင်းချခြင်း (IPO) စသည်ဖြင့်)။

အသေးစိတ်ဆန်းစစ်လေ့လာ၍ အဘက်ဘက်မှသုံးသပ်ဆောင်ရွက်ခြင်းဖြင့် အဆိုပါမဟာဗျူဟာရည်မှန်းချက်များ က ကုမ္ပဏီအနေဖြင့် ၄င်းရှာဖွေနေသည့်ရင်းနှီးမြှုပ်နှံမှု (များ) နှင့် ရင်းနှီးမြှုပ်နှံသူ (များ) အမျိုးအစား (ကာလတို နှင့် ကာလရှည်အတွက်) တို့ကို ပိုမိုကောင်းမွန်စွာသတ်မှတ်နိုင်စေရန်အထောက်အကူပြုနိုင်မည်ဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု များရှာဖွေရာတွင် အဓိကထားစိစစ်လိုသည့်အချက်များကို သတ်မှတ်ထားရှိရန်လိုအပ်ပါသည်။

Due Diligence လုပ်ငန်းစဉ်အမျိုးအစားများ/မေးမြန်းချက်များ နှင့် ဆက်စပ်အကြံပြုချက်များဆိုင်ရာအကျဉ်းချုပ် လေ့လာခြင်း

အဖွဲ့အစည်းဖွဲ့စည်းမှုပုံစံ

Asset များကိုပိုင်ဆိုင်ထားသည့်ကုမ္ပဏီ၏ဖွဲ့စည်းမှုပုံစံမှာ မည်သို့ရှိသနည်း။ အစုရှယ်ယာရှင်များမှာ မည်သူတို့ဖြစ် သနည်း။ မတည်ငွေရင်း နှင့် မတည်ငွေရင်းသဏ္ဍာန်ရှိရင်းနှီးမြှုပ်နှံမှုများထည့်ဝင်မှုပုံစံမှာ မည်သို့ဖြစ်သနည်း။ အဆိုပါကုမ္ပဏီ၏ဖွဲ့စည်းပုံအခြေခံစည်းမျဉ်း (များ) နှင့် အစုရှယ်ယာရှင်ဆိုင်ရာသဘောတူစာချုပ်များတွင်ပါရှိ သော အရေးကြီးသည့်အချက်များမှာ မည်သည်တို့ဖြစ်သနည်း။ အစုရှယ်ယာထည့်ဝင်ရန်အစီအစဉ် သို့မဟုတ် အော့ပ်ရှင်ဆိုင်ရာအစီအစဉ်ချမှတ်ထားခြင်းရှိပါသလား။ အရေးပါသောပြန်လည်ပြင်ဆင်ဖွဲ့စည်းမှုများ၊ ကုမ္ပဏီ လွှဲပြောင်းဝယ်ယူမှုများ သို့မဟုတ် အဖွဲ့အစည်းဆိုင်ရာအခြားလုပ်ဆောင်ချက်များရှိခဲ့ပါသလား။

ရင်းနှီးမြှုပ်နှံသူများက ၄င်းတို့အစုရှယ်ယာများဖြစ်လာကြသည့်အခါ မည်သည့်အခွင့်အရေးများ နှင့် တာဝန်များရှိ မည်ကို တိတိကျကျသိရှိလိုကြပါသည်။ ထို့ပြင် အဖွဲ့အစည်းဆိုင်ရာယခင်လုပ်ဆောင်ချက်တစ်ရပ်ရပ်မှပေါ်ပေါက် နေသော မပြီးပြတ်သေးသည့်ပြဿနာတစ်ရပ်ရပ်ရှိ၊ မရှိကိုလည်း ဆန်းစစ်လိုကြပါသည်။

စီမံခန့်ခွဲမှုအဖွဲ့/လုပ်ဆောင်နိုင်မှုစွမ်းရည်

ဒါရိုက်တာများမှာ မည်သူတို့ဖြစ်ကြပါသနည်း။ အမှုဆောင်အဖွဲ့ဝင်များ/အကြီးတန်းစီမံခန့်ခွဲမှုအဖွဲ့ဝင်များမှာ မည်သူတို့ဖြစ်ကြပါသနည်း။ အလားတူသတ္တုတူးဖော်ရေးစီမံကိန်းများ နှင့် အလားတူနိုင်ငံများတွင် ဆောင်ရွက် ခဲ့ဖူးသည့် ထိုပုဂ္ဂိုလ်တို့၏ယခင်အတွေ့အကြုံများမှာ မည်သည်တို့ဖြစ်သနည်း။

Target Company တွင် ကုမ္ပဏီ၏ဘတ်ဂျတ်၊ အနာဂတ်မျှော်မှန်းချက်များနှင့်အညီ ကုမ္ပဏီ၏ Asset များတိုးပွား လာစေရန် လုပ်ငန်းလည်ပတ်ဆောင်ရွက်နိုင်သည့်စီမံခန့်ခွဲမှုအဖွဲ့ရှိ၊ မရှိကို ရင်းနှီးမြှုပ်နှံသူများက ဆန်းစစ်လိုပါ သည်။

ပိုင်ဆိုင်မှု၊ ခွင့်ပြုမိန့်များ နှင့် သတ္တုတူးဖော်ခွင့်

Target Company တွင် ဓာတ်သတ္တုဆိုင်ရာမည်သည့်ပိုင်ဆိုင်များ/Asset များရှိပါသနည်း။ မည်သည့်သတ္တု တူးဖော်ြခင်း နှင့် စမ်းသပ်ရှာဖွေခြင်းဆိုင်ရာခွင့်ပြုမိန့်များရရှိထားပါသနည်း။ အဆိုပါခွင့်ပြုမိန့်များ၏လက်ရှိအခြေ အနေမှာ မည်သို့ဖြစ်ပါသနည်း။ အဆိုပါခွင့်ပြုမိန့်များနှင့်ပတ်သက်၍ သက်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် အရေးပါသောဆက်သွယ်ဆောင်ရွက်မှုများရှိပါသလား။

ထိုခွင့်ပြုမိန့်ရရှိထားသည့်နယ်မြေတွင် လုပ်ငန်းလည်ပတ်ဆောင်ရွက်ခွင့်ပြုရာတွင် Target Company က မြေအောက်ရှိသတ္တုများကို စမ်းသပ်ရှာဖွေခြင်း နှင့် တူးဖော်ထုတ်လုပ်ခြင်းအပြင်  သက်ဆိုင်ရာလုပ်ကွက်မြေနေရာ အပေါ် ပိုင်ဆိုင်မှုဆိုင်ရာအကျိုးခံစားခွင့်တစ်စုံတစ်ရာရှိပါသလား။ Target Company ၏စီမံကိန်းများကိုထိခိုက်လာ နိုင်သော ဓာတ်သတ္တုခွန်များ နှင့် အခြားတတိယပုဂ္ဂိုလ်အဖွဲ့အစည်းဆိုင်ရာအခွင့်အရေးများရှိပါသလား။ Target Company အနေဖြင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်ရန်အတွက်လိုအပ်သည့်အခြားခွင့်ပြုမိန့်များအားလုံးကို ရရှိ ထားပြီးဖြစ်ပါသလား (ရေအသုံးချမှု၊ တည်ဆောက်ရေး၊ ပေါက်ကွဲစေတတ်သောပစ္စည်းများဆိုင်ရာခွင့်ပြုမိန့်များ အစရှိသည်ဖြင့်)။

Target Company အနေဖြင့် ၄င်းပိုင်ဆိုင်ထားသည်ဟုဆိုသောမြေနေရာများတွင် လုပ်ငန်းများလည်ပတ်ဆောင် ရွက်နိုင်ရန်အတွက် လိုအပ်သောဥပဒေဆိုင်ရာအခွင့်အရေးများအားလုံးကို ရရှိထားပြီးဖြစ်သည့်အခြေအနေ ဟုတ်၊ မဟုတ်ကိုလည်း ရင်းနှီးမြှုပ်နှံသူများဘက်က စိစစ်လိုပါသည်။ အဆိုပါအခွင့်အရေးများနှင့်စပ်လျဉ်း၍ “လိုအပ် ချက်” များရှိနေပါက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ထိုဆောင်ရွက်ရန်လိုအပ်သည့်လိုအပ်ချက်များကို သိရှိလိုသည့် အပြင် ထိုလိုအပ်ချက်များကိုဖြည့်ဆည်းဆောင်ရွက်မည့် Target Company ၏အစီအစဉ်ကိုလည်း စိစစ်လိုပါသည်။

သယံဇာတ နှင့် သတ္တုကြောများ စမ်းသပ်ရှာဖွေခြင်း

သယံဇာတ နှင့် သတ္တုကြောပမာဏခန့်မှန်းတွက်ချက်မှုဆိုင်ရာနိုင်ငံတကာအဆင့်မီဆန်းစစ်ချက်တစ်ရပ် ဆောင် ရွက်ထားပြီးဖြစ်ပါသလား။ Target Company ၏စီမံကိန်းများအတွက် မည်သည့်စမ်းသပ်ရှာဖွေမှုကိုပြုလုပ်ထားပြီး ဖြစ်ပါသနည်း။ ရလဒ်များမှာ မည်သည်တို့ဖြစ်ပါသနည်း။ မည်သည့်အနာဂတ်စမ်းသပ်ရှာဖွေမှုလုပ်ငန်းများစီစဉ် ရေးဆွဲထားပါသနည်း။ အကောင်အထည်ဖော်ရေးလုပ်ငန်းအစီအစဉ်များ နှင့် ဘတ်ဂျတ်များမှာ မည်သည်တို့ဖြစ်ပါ သနည်း။

Target Company ၏တန်ဖိုး နှင့် လုပ်ငန်းအောင်မြင်အောင်ဆောင်ရွက်နိုင်စွမ်းတို့ကို ဆန်းစစ်လေ့လာရန်အတွက် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ဓာတ်သတ္တုသယံဇာတများခန့်မှန်းတွက်ချက်မှုအဆင့်၊ သယံဇာတများ ပိုမိုရရှိရန် အတွက် ထပ်မံစမ်းသပ်ရှာဖွေမည့်အစီအစဉ်များကို ဆန်းစစ်လိုပါသည်။ မဖြစ်မနေလိုအပ်ချက်တစ်ရပ်မဟုတ် သော်လည်း ရင်းနှီးမြှုပ်နှံသူအများစုအနေဖြင့် ရင်းနှီးမြှုပ်နှံမှုမပြုလုပ်မီ အနည်းဆုံး “ကြိုတင်တွက်ချက်ထားသည့်” ဓာတ်သတ္တုပမာဏ ခန့်မှန်းတွက်ချက်မှုတစ်ရပ်ကို တောင်းခံကြည့်ရှုလေ့ရှိကြပါသည်။

ပတ်ဝန်းကျင်

မည်သည့်ပတ်ဝန်းကျင်ထိခိုက်မှုဆိုင်ရာလေ့လာဆန်းစစ်မှုများပြုလုပ်ထားပြီးဖြစ်ပါသနည်း။ အဆိုပါရလဒ်များအရ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာအစီအစဉ်များ၊ မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများကို ကြိုတင်စီစဉ်ချမှတ်ထားပြီးဖြစ်ပါ သလား။ လိုအပ်သည့်ပတ်ဝန်းကျင်ဆိုင်ရာခွင့်ပြုချက်များအားလုံးရရှိထားပြီးဖြစ်ပါသလား။ ပတ်ဝန်းကျင်ဆိုင်ရာ စိစစ်မှုများ ဆောင်ရွက်ထားပြီးဖြစ်ပါသလား။ လုပ်ငန်းဆောင်ရွက်မှုများ၊ ခွင့်ပြုမိန့်များနှင့်ပတ်သက်၍ သက်ဆိုင်ရာ ပတ်ဝန်းကျင်ဆိုင်ရာအစိုးရအဖွဲ့အစည်းများနှင့် အရေးပါသောဆက်သွယ်ဆောင်ရွက်မှုများပြုလုပ်ထားပြီးဖြစ်ပါ သလား။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် Target Company ၏လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများနှင့်ပတ်သက်၍ (ကနဦး ဆန်းစစ်လေ့လာချက်များနှင့်သာမက လက်ရှိဆောင်ရွက်နေသည့်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍) စီစဉ် ထားရှိပြီးဖြစ်သည့်ပတ်ဝန်းကျင်ကာကွယ်ရေးအစီအမံများဆိုင်ရာစံချိန်စံညွှန်းများကို ဆန်းစစ်လေ့လာလိုပါသည်။ ထိုသို့ဆန်းစစ်လေ့လာရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်ပတ်သက်၍ပြည်တွင်း၌ချမှတ်ထားသည့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်းများနှင့်ကိုက်ညီမှုရှိ၊ မရှိ ဟူသောရှုထောင့်မှနေ၍ ဆန်းစစ်လေ့လာနိုင်ဖွယ်ရှိပါသည်။ သို့ရာတွင် အချို့ရင်းနှီးမြှုပ်နှံသူများ နှင့် စီမံကိန်းဖြည့်ဆည်းငွေထုတ်ပေးသူ (Financier) များအနေဖြင့် ၄င်းတို့ရင်းနှီးမြှုပ်နှံမှု မပြုလုပ်မီ သို့မဟုတ် ချေးငွေ (Loan Facilities) များထုတ်မပေးမီ စီမံကိန်းကလိုက်နာရမည့်ပတ်ဝန်းကျင်ဆိုင်ရာ စံချိန်စံညွှန်းများနှင့်ပတ်သက်၍ ၄င်းတို့၏ကိုယ်ပိုင်မူဝါဒများကိုချမှတ်ကာ ဆန်းစစ်လေ့လာမှုများပြုလုပ်လာနိုင်ပါ သည်။

ဒေသခံလူထုအသိုင်းအဝိုင်းနှင့်ဆက်သွယ်ဆောင်ရွက်မှုများ နှင့် လူမှုရေးဆိုင်ရာအစီအမံများ

ကုမ္ပဏီ၏လုပ်ငန်းများလည်ပတ်ဆောင်ရွက်မှုများကြောင့်ထိခိုက်ခံစားရနိုင်သည့် ဒေသခံလူထုအသိုင်းအဝိုင်း (တိုင်းရင်းသားလူနည်းစုများ သို့မဟုတ် ဒေသခံတိုင်းရင်းများ နှင့် အခြားလူထုအသိုင်းအဝိုင်း) တို့ထံမှ သဘောတူညီချက်များနှင့် ခွင့်ပြုချက်များကို ရယူ၍ လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပါသလား။ မည်သည့်လူမှုရေး နှင့် ဒေသခံလူထုအသိုင်းအဝိုင်းဆိုင်ရာဆက်သွယ်ဆောင်ရွက်မှုအစီအစဉ်များ နှင့် ပံ့ပိုးမှုများကို ချမှတ်ဆောင်ရွက် ပေးလျက်ရှိပါသနည်း။

ဒေသခံလူထုအသိုင်းအဝိုင်းထံမှခွင့်ပြုချက်များ နှင့် ထောက်ခံမှုများကိုရယူရန်လိုအပ်သည့်ဥပဒေသတ်မှတ်ချက် များကို လိုက်နာဆောင်ရွက်လျက်ရှိ၊ မရှိ၊ Target Company အနေဖြင့် လုပ်ငန်းများလည်ပတ်ဆောင်ရွက်မှုများ အတွက် ဒေသခံလူထု၏ထောက်ခံမှုများကို ရရှိထားပြီးဟုတ်၊ မဟုတ်ကို ရင်းနှီးမြှုပ်နှံသူများက ဆန်းစစ်လိုပါသည်။ ဆိုလိုသည်မှာ သတ္တုတူးဖော်ရေးလုပ်ငန်းများကြောင့်ရရှိလာသော လူမှုစီးပွားဆိုင်ရာဖွံ့ဖြိုးတိုးတက်မှုများကို ဒေသခံလူထုကပါ လုံလုံလောက်လောက်မျှဝေခံစားခွင့်ရရှိသည်ဟု ခံစားမိ၍ အဆိုပါဒေသခံလူထုက Target Company ၏လုပ်ငန်းဆောင်ရွက်ချက်များကို ထောက်ခံပေးသည့်အနေအထားအထိရောက်အောင် Target Company က သတ္တုတူးဖော်ရေးလုပ်ငန်းဆောင်ရွက်ချက်များကြောင့် ထိခိုက်ခံစားရသည့်ဒေသခံလူထုနှင့် ချိတ် ဆက်၍ ပံ့ပိုးကူညီမှုများဆောင်ရွက်ပေးလျက်ရှိပါသလားဟူသော ဆန်းစစ်ချက်မျိုးဖြစ်ပါသည်။

သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့်ဆက်သွယ်ဆောင်ရွက်ခြင်း

သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့်ချိတ်ဆက်၍ မည်သည့်အစီအစဉ်များ နှင့် လှုပ်ရှားဆောင်ရွက်မှုများကို ချမှတ်ဆောင်ရွက်ထားပါသနည်း။ အစိုးရဌာနအဖွဲ့အစည်းနှင့်လက်ရှိဆက်သွယ်ဆောင်ရွက်မှုအခြေအနေမှာ မည်သို့ရှိသနည်း။ ကုမ္ပဏီ၏လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် မည်သို့အရေးပါသောဆက်သွယ်ဆောင်ရွက်မှုများရှိပါသနည်း။

Target Company အနေဖြင့် သက်ဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့်ပုံမှန်ဆက်သွယ်ဆောင်မှုများရှိ၊ မရှိ၊ နောင်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကိုပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက် အစိုးရဌာနများနှင့် ကောင်းမွန်သော ဆက်သွယ်ရေးတစ်ရပ်ကိုထိန်းသိမ်းထားခြင်းရှိ၊ မရှိကို ရင်းနှီးမြှုပ်နှံမှုသူများဘက်က ဆန်းစစ်လေ့လာလိုပါသည်။

အရေးပါသောသဘောတူစာချုပ်များ

Target Company ၏လုပ်ငန်းဆောင်ရွက်မှုများနှင့်စပ်လျဉ်း၍ အရေးပါသောမည်သည့်စာချုပ်စာတမ်းများကို ချုပ်ဆိုထားပါသနည်း။ အဆိုပါစာချုပ်စာတမ်းများတွင် မည်သည့်စည်းကမ်းချက်များပါဝင်ပါသနည်း။

Target Company ၏လုပ်ငန်းဆောင်ရွက်မှုအခြေအနေ နှင့် အနေအထားအပေါ်အခြေခံ၍ ရင်းနှီးမြှုပ်နှံသူများ ဘက်က စမ်းသပ်ရှာဖွေခြင်းဆိုင်ရာဝန်ဆောင်မှုများ၊ နည်းပညာပိုင်းဆိုင်ရာဝန်ဆောင်မှုများ၊ ဒီဇိုင်း/တည်ဆောက် ရေး/ပစ္စည်းဝယ်ယူဖြည့်တင်းရေးဆိုင်ရာဝန်ဆောင်မှုများ၊ သတ္တုတူးဖော်ရေးဝန်ဆောင်မှုများ နှင့် အရေးပါသော ပစ္စည်းများဝယ်ယူဖြည့်တင်းရေး (ဥပမာ – ဓာတုပစ္စည်းများ၊ ဓာတ်စမ်းပစ္စည်းများ၊ ဖောက်ခွဲရေးပစ္စည်းများ) တို့နှင့် သက်ဆိုင်သောစာချုပ်စာတမ်းများကို အဓိကအလေးပေးစိစစ်လေ့ရှိပါသည်။

Asset များ (မရွှေ့မပြောင်းနိုင်သောပစ္စည်းများအပြင်)

Target Company က (မြေနေရာအပြင်) အခြားမည်သည့်အရေးပါသော Asset များကို ပိုင်ဆိုင်ထားပါသနည်း။ အဆိုပါ Asset များနှင့်ပတ်သက်၍ ဝယ်ယူခြင်း၊ ငွေကြေးဖြည့်ဆည်းခြင်း၊ လုပ်ငန်းလည်ပတ်ဆောင်ရွက်ခြင်းဆိုင် ရာ မည်သည့်သဘောတူစာချုပ်များချုပ်ဆိုထားပါသနည်း။ အဆိုပါသဘောတူစာချုပ်များတွင် မည်သည့်စည်းကမ်း ချက်များပါဝင်ပါသနည်း။

ရင်းနှီးမြှုပ်နှံသူများအနေဖြင့် Target Company ၏မရွေ့မပြောင်းနိုင်သောပစ္စည်းမဟုတ်သော Asset များ (အထူး သဖြင့် သတ္တုတူးဖော်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင်အသုံးပြုသည့် စက်ယန္တရားများ၊ စက်ပစ္စည်းကိရိယာများ၊ ယာဉ်) ကို စိစစ်လိုပါသည်။

လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများ နှင့် စီမံကိန်းအကောင်အထည်ဖော်မှုများ (သတ္တုတူးဖော်ခြင်း နှင့် သတ္တု ဆင့်တက်ပြုပြင်ခြင်း)

လက်ရှိ “သတ္တုတွင်းတူးဖော်ထုတ်လုပ်နိုင်မည့်ကာလသတ်မှတ်ချက်” ဆိုင်ရာအစီအစဉ်မှာ မည်သို့ဖြစ်သနည်း။ စီမံကိန်းနှင့်ပတ်သက်၍ ခြုံငုံသုံးသပ်ရန်အတွက် မည်သည့်ဖြစ်မြောက်နိုင်စွမ်းလေ့လာမှုဆိုင်ရာဆန်းစစ်ချက်များ ကို ဆောင်ရွက်ထားပြီးဖြစ်ပါသနည်း။ သတ္တုဆင့်တက်ပြုပြင်သည့်စက်ရုံများတွင် မည်သည့်လုပ်ငန်းစဉ်များ နှင့် နည်းလမ်းများကို ကျင့်သုံးကြသနည်း။ သတ္တုတူးဖော်ရေးလုပ်ငန်းစဉ် နှင့် သတ္တုဆင့်တက်ပြုပြင်သည့်စက်ရုံ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများအတွက် မည်သည့်ဒီဇိုင်းဆိုင်ရာ/ဖြစ်မြောက်နိုင်စွမ်းဆိုင်ရာလေ့လာမှုများကို ဆောင်ရွက်ထားပြီးဖြစ်ပါသနည်း။ လက်ရှိလုပ်ငန်းလည်ပတ်ဆောင်ရွက်မှုကုန်ကျစရိတ်၊ လုပ်ငန်းလည်ပတ်ဆောင် ရွက်မှုဘတ်ဂျတ်၊ နောင်တွင်ကုန်ကျလာနိုင်သည့်ကုန်ကျစရိတ်ခန့်မှန်းချက်များမှာ မည်သည်တို့ဖြစ်ပါသနည်း။ ၄င်းတို့ကိုတွက်ချက်ရန် မည်သည့်နည်းလမ်းများကို သုံးစွဲပါမည်နည်း။ စွန့်ပစ်မြေစာများကို မည်သို့သိမ်းဆည်းထား ရှိ၍ မည်သို့ပြန်လည်သန့်စင်ပါမည်းနည်း။ စွန့်ပစ်မြေစာများနှင့်ပတ်သက်၍ မည်သည့်စစ်ဆေးမှုများ၊ ဆန်းစစ် လေ့လာမှုများ ပြုလုပ်ထားပြီးဖြစ်ပါသနည်း။ ထုတ်လုပ်မှုပမာဏမြှင့်တင်ရေးအစီအစဉ်များဆောင်ရွက်ထားရှိပြီး ဖြစ်ပါသလား သို့မဟုတ် ချမှတ်ထားပြီးဖြစ်ပါသလား။

သတ္တုတူးဖော်ရေး နှင့် သတ္တုဆင့်တက်ပြုပြင်ရေးကဏ္ဍနှစ်ရပ်စလုံးတွင် Target Company ၏လုပ်ငန်းလည်ပတ်မှု ဆိုင်ရာလက်ရှိလုပ်ဆောင်ချက်များ၊ နောင်တွင်ထုတ်လုပ်မှုများအတွက် ကြိုတင်ခန့်မှန်းချက်များ နှင့် ကုန်ကျစရိတ် များကို ရင်းနှီးမြှုပ်နှံသူများက ဆန်းစစ်လိုပါသည်။ ဤကဏ္ဍသည် အဓိကလုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများ၏ စီးပွားရေးဆိုင်ရာကိစ္စများနှင့်တိုက်ရိုက်သက်ဆိုင်လျက်ရှိပြီး ကြိုတင်မှန်းဆနိုင်သောအနာဂတ်အတွက် အကျိုး အမြတ်ဖြစ်ထွန်းနိုင်သောသတ္တုတူးဖော်ရေးလုပ်ဆောင်ချက်များကို အထောက်အကူပြုနိုင်ရန်အတွက် Target Company က အသေးစိတ်အစီအစဉ်များရေးဆွဲထားမှတ်ထားပြီးသည့်အနေအထား ဟုတ်၊ မဟုတ် စိစစ်လိုပါ သည်။

အလုပ်ခန့်အပ်မှု

Target Company ၏ဖွဲ့စည်းပုံဇယားမှာမည်သို့ဖြစ်သနည်း။ လက်ရှိအလုပ်သမားအင်အား၏အသေးစိတ်အချက် အလက်များ (လုပ်ခလစာများ၊ အကျိုးခံစားခွင့်များ နှင့် ရရှိထားသည့်အကျိုးခံစားခွင့်များ အပါအဝင်) မှာ မည်သည် တို့ဖြစ်သနည်း။ အဓိကအရေးကြီးသောဝန်ထမ်းများနှင့် မည်သည့်အလုပ်သမားခန့်အပ်မှုသဘောတူစာချုပ်များ နှင့် ဝန်ဆောင်မှုဆိုင်ရာစာချုပ်စာတမ်းများရှိပါသနည်း။ ကုမ္ပဏီအလုပ်သမားများအနေဖြင့် ရရှိခံစားခွင့်ရှိသည့် လုပ်ငန်းဆိုင်ရာအသိအမှတ်ပြုဆုများ၊ စံချိန်စံညွှန်းသတ်မှတ်ချက်များ၊ အငြိမ်းစားကာလအကျိုးခံစားခွင့်များ၊ အလုပ်ခန့်အပ်မှုဆိုင်ရာအခြားသတ်မှတ်ချက်များ နှင့် အနည်းဆုံးရရှိစေရမည့်အကျိုးခံစားခွင့်ဆိုင်ရာသတ် မှတ်ချက်များမှာ မည်သည်တို့ဖြစ်ကြပါသနည်း။ မည်သည့်အလုပ်ခန့်အပ်မှု နှင့် လူ့စွမ်းအားအရင်းအမြစ်ဆိုင်ရာ မူဝါဒများချမှတ်ထားရှိပါသနည်း။ မည်သည့်ပြင်ပဝန်ဆောင်မှုရယူထားသည့်စာချုပ်စာတမ်းများရှိပါသနည်း။ ကြီး မားသော အလုပ်သမားဆိုင်ရာအငြင်းပွားမှုတစ်ရပ်ရပ်နှင့်လက်ရှိရင်ဆိုင်နေရပါသလား သို့မဟုတ် ရင်ဆိုင်ဖြေရှင်း လာရနိုင်ခြေရှိပါသလား။

Target Company ၏လက်ရှိအလုပ်သမားများ နှင့် ပြင်ပဝန်ဆောင်မှုရယူခြင်းဆိုင်ရာစရိတ်စကများ၊ အဓိက အရေးပါသောဝန်ထမ်းများကို ဆက်လက်ထိန်းသိမ်းထားမှုအနေအထား သို့မဟုတ် အဓိကအရေးပါသောဝန်ထမ်း များကို အလုပ်မှထုတ်ပယ်နိုင်စွမ်း၊ အလုပ်သမားဆိုင်ရာအငြင်းပွားမှုများဖြစ်ပေါ်နိုင်ခြေအလားအလာတို့အပါအဝင် လူ့စွမ်းအားအရင်းအမြစ်၏လက်ရှိအနေအထားနှင့်ပတ်သက်၍ ရင်းနှီးမြှုပ်နှံသူများက ဆန်းစစ်သုံးသပ်လိုပါသည်။

ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး

ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးတို့နှင့်ပတ်သက်၍ မည်သည့်မူဝါဒများ နှင့် လုပ်ထုံးလုပ်နည်းများကို ချမှတ်ထားရှိပါသနည်း။ ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစစ်ဆေးမှုများ နှင့် ကွင်းဆင်းစိစစ်မှု များကို ပြုလုပ်ထားပါသလား။ တွေ့ရှိချက်ရလဒ်များကို ဖော်ပြပါ။ Target Company ၏လုပ်ငန်းများဆောင်ရွက် ရာတွင် ဖြစ်ပေါ်ခဲ့သည့် မတော်တဆမှုများမှတ်တမ်း နှင့် ကိန်းဂဏန်းအချက်အလက်များကို ဖော်ပြပါ။ ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာအစိုးရဌာနအဖွဲ့အစည်းများနှင့် အရေးပါသောဆက်သွယ်ဆောင်ရွက်မှုများ ရှိခဲ့ပါသလား။

Target Company ၏ကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာမှတ်တမ်းများ၊ မူဝါဒများ၊ လုပ်ထုံးလုပ် နည်းများ၏လက်ရှိအနေအထားများ နှင့် အဆိုပါအစီအမံများလုံလောက်စွာထားရှိဆောင်ရွက်ခြင်းရှိ၊ မရှိကို ရင်းနှီး မြှုပ်နှံသူများက ဆန်းစစ်သုံးသပ်လိုပါသည်။ နိုင်ငံတကာ၌ သတ္တုတူးဖော်ရေးလုပ်ငန်းများလုပ်ကိုင်သူများသည် ၄င်းတို့၏လုပ်ငန်းများကိုဆောင်ရွက်ရာတွင် လွန်စွာမြင့်မားသောကျန်းမာရေး နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင် ရာစံချိန်စံညွှန်းများကို ချမှတ်ဆောင်ရွက်လေ့ရှိကြပါသည်။

ဥပဒေစည်းမျဉ်းစည်းကမ်းများ နှင့် စည်းကမ်းကြပ်မတ်မှု

Target Company နှင့်စပ်လျဉ်း၍လည်းကောင်း၊ ၄င်း၏လုပ်ငန်းများနှင့်စပ်လျဉ်း၍လည်းကောင်း မပြီးမပြတ်သေး သည့်၊ ဖြစ်ပေါ်လာနိုင်ခြေရှိသည့်တရားစွဲမှုများ သို့မဟုတ် အငြင်းပွားမှုများရှိပါသလား။ ထိုသို့ရှိပါက ဖြစ်ပေါ်လာနိုင် ခြေအလားအလားနှင့်ပတ်သက်၍ ဆန်းစစ်တွက်ချက်ထားပြီးဖြစ်ပါသလား။ မကြာသေးမီနှစ်များအတွက် ကြီးမား သောအငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်ခဲ့ရဖူးပါသလား။ ကြီးမားသောစည်းကမ်းထိန်းသိမ်းမှုဆိုင်ရာပြဿနာ များရှိခဲ့ဖူးပါသလား။ ကုမ္ပဏီ နှင့် ၄င်း၏ Asset များအပေါ်ထိခိုက်မှုရှိသော ဥပဒေရေးရာပေါင်နှံဝန်တင်မှုတစ်စုံတစ် ရာရှိခဲ့ဖူးပါသလား (အခြားနေရာများတွင် ဖော်ပြထားခြင်းမရှိပါက)။

Target Company ကလည်းကောင်း၊ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများနှင့်ဆက်စပ်၍သော်လည်းကောင်း ဥပဒေရေးရာအငြင်းပွားမှုများ အမှန်တကယ်ရင်ဆိုင်ဖြေရှင်းရမှု၊ ရင်ဆိုင်ရနိုင်ခြေအလားအလာတို့နှင့်စပ်လျဉ်း၍ ရင်းနှီးမြှုပ်နှံသူများက ဆန်းစစ်သုံးသပ်လိုပါသည်။

အာမခံထားရှိခြင်း နှင့် ဆုံးရှုံးနိုင်ခြေအလားအလာဆိုင်ရာစီမံခန့်ခွဲမှု

Target Company အနေဖြင့် မည်သည့်အရေးကြီးသောအာမခံထားရှိခြင်းမူဝါဒများ နှင့် သဘောတူညီချက်များကို စီစဉ်ထားရှိပါသနည်း။ များပြားသောအာမခံကြေးတောင်းဆိုမှုများကို ပြုလုပ်ခဲ့ဖူးပါသလား။

Target Company အနေဖြင့် သင့်လျော်သောအာမခံထားရှိခြင်းမူဝါဒများမှတစ်ဆင့် ၄င်း၏လုပ်ငန်းများအပေါ် ကြီးကြီးမားမားနှောင့်ယှက်ဟန့်တားနိုင်မှုအန္တရာယ်အလားအလာများကို အနည်းဆုံးလျှော့ချရန်စီစဉ်ဆောင်ရွက် ထားခြင်းရှိ၊ မရှိ ရင်းနှီးမြှုပ်နှံသူများက ဆန်းစစ်သုံးသပ်လိုပါသည်။

စီမံကိန်းဖြည့်ဆည်းငွေ နှင့် အခွန်အခများ

ကုမ္ပဏီအနေဖြင့် မည်သည့်စီမံကိန်းဖြည့်ဆည်းငွေများ/ချေးငွေ (Loan Facilities) များကို ရယူထားရှိပါသနည်း။ အဆိုပါချေးငွေများအတွက် မည်သည့်သဘောတူစာချုပ်များကို ချုပ်ဆိုထားပါသနည်း။ ကုမ္ပဏီအနေဖြင့် အခြား ဘဏ္ဍာငွေဖြည့်ဆည်းရေးဆိုင်ရာသဘောတူစာချုပ်များ (ဥပမာ – Finance Lease များ) ထားရှိပါသလား။ ကုမ္ပဏီ အနေဖြင့် ထုတ်လုပ်မှုဆိုင်ရာစျေးနှုန်းကန့်သတ်ချက်သဘောတူစာချုပ်များ (Production Hedging Agreement) ကို ချုပ်ဆိုထားရှိပါသလား။ သက်ဆိုင်ရာအခွန်အစိုးရဌာနအဖွဲ့အစည်းများနှင့် အရေးပါသောဆက်သွယ်ဆောင် ရွက်မှုများရှိပါသလား။

Target Company ၏မကြာသေးမီကဆောင်ရွက်ခဲ့သည့်ဘဏ္ဍာရေးရှင်းတမ်းများ၊ စီမံခန့်ခွဲမှုဆိုင်ရာစာရင်းများ၊ ဝင်ငွေခွန်ကြေညာလွှာများဆန်းစစ်လိုပြီး လက်ရှိကြွေးမြီများကို ပေးဆပ်နိုင်စွမ်း သို့မဟုတ် ကြွေးမြီအသစ်များ ရယူနိုင်စွမ်းအပါအဝင် Target Company ၏အဓိကဘဏ္ဍာရေး နှင့် လက်ကျန်ရှင်းတမ်းဆိုင်ရာအချက်အလက်များ ကိုဆန်းစစ်သုံးသပ်လိုပါသည်။ Target Company နှင့် ၄င်း၏လုပ်ငန်းများ၏အခြေခံဘဏ္ဍာရေးဆိုင်ရာဖြစ်မြောက် အောင်မြင်အောင်ဆောင်ရွက်နိုင်စွမ်းကို သုံးသပ်လိုသည့်ရည်ရွယ်ချက်ဖြင့် ထိုသို့ဆောင်ရွက်ခြင်းဖြစ်ပါသည်။

ပြည်တွင်း/နိုင်ငံတွင်းဘေးအန္တရာယ်များ နှင့် လုံခြုံရေး

အထူးသဖြင့် မြန်မာနိုင်ငံ၏ပြည်တွင်းရေးရာပြဿနာများ၊ နိုင်ငံရေးဆိုင်ရာတည်ငြိမ်းအေးချမ်းမှုနှင့်သက်ဆိုင် သောပြဿနာများ၊ လုပ်ငန်းဆောင်ရွက်ရာလုပ်ကွက်များရှိ ပြည်တွင်း နှင့် ဒေသဆိုင်ရာလုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဉ်း၍ စိစစ်သုံးသပ်ချက်များ နှင့် အတိုချုံးသုံးသပ်ချက်များ ပြုလုပ်ထားပါသလား။

မြန်မာနိုင်ငံကဲ့သို့သော ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် နိုင်ငံတစ်ခုနှင့်သာသက်ဆိုင်သည့်၊ လုပ်ကွက်တစ်ခုတည်းနှင့်သာသက်ဆိုင်သည့် နိုင်ငံရေး နှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအကြောင်းရေးသားထား သည့်အစီရင်ခံချက်များ နှင့် ဆန်းစစ်လေ့လာမှုများကို ရင်းနှီးမြှုပ်နှံသူများက ရယူလိုပါသည်။

လွတ်လပ်သောတန်ဖိုးဖြတ်အဖွဲ့

Target Company နှင့် ၄င်း၏ Asset များအတွက် လွတ်လပ်သောတန်ဖိုးဖြတ်အဖွဲ့က ထုတ်ပြန်သည့်အစီရင်ခံစာ များရှိခဲ့ဖူးပါသလား။

ဤအစီရင်ခံစာများမှာ မဖြစ်မနေမလိုအပ်ပါ။ သို့သော်လည်း Target Company နှင့် ၄င်း၏လုပ်ငန်းများကို လွတ်လပ်သောတန်ဖိုးဖြတ်အဖွဲ့က တန်ဖိုးဖြတ်ပေးရန် တောင်းဆိုနိုင်ပါသည်။ ထိုသို့တောင်းဆိုမှုသည် နောင်တွင် ပြုလုပ်မည့်ကြီးမားသောရင်းနှီးမြှုပ်နှံမှုနှင့်ပတ်သက်၍ ညှိနှိုင်းဆန်းစစ်မှုများအတွက် အခြေခံလိုအပ်ချက်အဖြစ် အကျိုးပြုလာနိုင်ပါသည်။

မဟာဗျူဟာ နှင့် စီမံကိန်းရေးဆွဲခြင်း

အနာဂတ်တွင်ထည့်ဝင်မည့်မတည်ငွေရင်းများ နှင့် အသုံးစရိတ်များကို မည်သို့စီမံသတ်မှတ်ထားပါသနည်း (အခြား နေရာများတွင် ဖော်ပြထားခြင်းမရှိသေးပါက)။ Target Company အနေဖြင့် ၄င်း၏လုပ်ငန်း နှင့် လုပ်ငန်းလည်ပတ် ဆောင်ရွက်မှုများအတွက် (အခြားနေရာများတွင် ဖော်ပြထားခြင်းမရှိသေးပါက) အရေးပါသောမဟာဗျုဟာစီမံချက် များချမှတ်ထားပါသလား။

Target Company အနေဖြင့် ၄င်း၏မတည်ငွေရင်းအသုံးစရိတ်များကို ဖြည့်ဆည်းကျခံနိုင်စွမ်း၊ ၄င်း၏လုပ်ငန်း များကို အကျိုးအမြတ်ဖြစ်ထွန်းစွာ ဆက်လက်တိုးချဲ့ဆောင်ရွက်နိုင်စွမ်းတို့ကိုရှေးရှု၍ နောင်တွင်ကျခံရမည့်မတည် ငွေရင်းအသုံးစရိတ်များဆိုင်ရာစီမံကိန်းများ နှင့် အခြားမဟာဗျူဟာကျသောလုပ်ဆောင်ချက်များအတွက် ရေးဆွဲ ထားသည့်စီမံချက်များကို ရင်းနှီးမြှုပ်နှံသူများက ဆန်းစစ်သုံးသပ်လိုပါသည်။

By | 2022-11-27T02:38:21+00:00 |Uncategorized|Comments Off on သတ္တုတူးဖော်ခြင်းလုပ်ငန်းမစတင်မီ ဆောင်ရွက်ရမည့် Due Diligence လုပ်ငန်းစဉ်အမျိုးအစားများ နှင့် ရင်းနှီး မြှုပ်နှံမှုအပေါ်ဆန်းစစ်လေ့လာခြင်း

About the Author:

X